CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၅

ပို့ကုန်ရငွေအပေါ် ကျပ်ငွေလဲလှယ်ရန် ညွှန်ကြားချက်ကို ၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းဟု ဗဟိုဘဏ်က ပြင်ဆင် သတ်မှတ်လိုက်ခြင်းကြောင့် ပို့ကုန်တင်ပို့သည့် ကုန်စည်များ ဈေးနှုန်းအနည်းငယ် မြင့်တက်လာနိုင် သည်ဟု ပို့ကုန်လုပ်ငန်းရှင်များက ပြောသည်။

ယခင်က ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်ဈေးနှုန်း အမေရိကန် ၁ ဒေါ်လာလျှင် ၂၁၀၀ ကျပ် ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားသလို ကျန်ရှိသည့် ၃၅ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့် လဲလှယ်ရမည်ဟု သတ်မှတ်ထားသည်။

လက်ရှိတွင် ၅၀ ရာခိုင်နှုန်းကို ၂၁၀၀ ကျပ်ဖြင့်လည်းကောင်း၊ ကျန်ရှိသည့် ၅၀ ရာခိုင်နှုန်းကို ၂၉၂၀ ကျပ်ဖြင့် လည်းကောင်း လဲလှယ်ကြရမည်ဟု ပြောင်းလဲသတ်မှတ်ခဲ့ခြင်းကြောင့် ရရှိသည့်နှုန်းထား မြင့်တက်လာခဲ့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ ဦးသန့်ဇင်ထွန်းက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “၅၀ သည် ၂၁၀၀ ဝန်းကျင်၊ ၅၀ သည် ၂၉၂၀ ဝန်းကျင်၊ အဲတော့ အဲဒီ ၂ ခု ပေါင်းလိုက်တော့ ၂၅၀၀ နဲ့ သိမ်းတဲ့သဘော ဖြစ်သွားတာပေါ့နော်။ ၂၁၀၀ နဲ့က ၅၀ ရာခိုင်နှုန်းနဲ့ သိမ်းမယ်လေ။ ၅၀ ရာခိုင်နှုန်းက ၂၉၁၀ နဲ့ ရောင်းရမယ်ဆိုတော့ အဲဒီ ၂ ခု ပေါင်းပြီးတော့ ၂ နဲ့ စားလိုက်လို့ရှိရင် ၁ ဒေါ်လာကို အစိုးရက ၂၅၀၀ သတ်မှတ်သ လို ဖြစ်နေတယ်။ ကောင်းလား မကောင်းဘူးလားဆိုတော့ ဈေးတော့ နည်းနည်း ပြောင်းသွားတာပေါ့။ ၆၅ / ၃၅ ရှိနေစဉ်ကာလမှာပဲ ၂၁၀၀ ရယ်၊ ၂၉၀၀ ရယ် ဖြစ်တဲ့အခါကျတော့ ဈေးနည်းနည်းလေး အောက်ဆင်းတာပေါ့။ အခု ၅၀ / ၅၀ ဆိုတော့ ဈေနည်းနည်းလေး အပေါ်ပြန်တက်လာမှာပေါ့ ဒီလောက်ပါပဲ။ အရင်လည်း ၆၅ / ၃၅ နဲ့ သွားနေကြတာပဲလေ။ အခု ၅၀ / ၅၀ ဆိုတော့ ၁၅ ရာခိုင်နှုန်းလောက် ပိုလာတာပေါ့ ကိုယ့်ဘက်ကို။ အဲတော့ ဈေး နည်းနည်း ရနိုင်တယ်ပေါ့။ ၃၅ / ၆၅ ကနေ နည်းနည်း ဖြေလျှော့လိုက်တော့ ဈေးနှုန်း အနည်းငယ် အပြောင်းအလဲ ဖြစ်တာပေါ့ အတက်ဘက်ကို ဖြစ်တာကိုး” ဟု ပြောသည်။

မြန်မာ့ပြောင်းကိုတွေ့ရစဉ်

၆၅ ရာခိုင်နှုန်းအစား ၅၀ ရာခိုင်နှုန်းသို့ လျှော့ချလိုက်ခြင်းကြောင့် ပို့ကုန်လုပ်ငန်းရှင်များအတွက် ၁၅ ရာခိုင်နှုန်း ပိုလာသည့်အတွက် အကျိုးအမြတ်နည်း၍ ရပ်နားထားသည့် ပို့ကုန်တင်ပို့မှုလုပ်ငန်းများ ပြန်လည် လုပ်ဆောင် လာနိုင်သည်ဟု ကုန်သည်တချို့က သုံးသပ်ကြသည်။

သို့သော်လည်း တရုတ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် ဆန်တင်ပို့မှုအပိုင်းတွင် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက် နေခြင်းကြောင့် ဆန်တင်ပို့မှု အပြောင်းအလဲ ရှိလာမည် မဟုတ်ကြောင်း မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယ ဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းသိန်းက “အရင်တခါတုန်းက ၆၅ / ၃၅။ အခုကျတော့ ၅၀ / ၅၀ ဆိုပြီးတော့ ထုတ်ထားတယ်။ ဒီ ၅၀ / ၅၀ ကလည်း နယ်စပ်ကုန်သွယ်ရေးမှာတော့ ဘာမှ ကြီးကြီးမားမား ပြောင်းလဲမှု ဖြစ်မှာ မဟုတ်ဘူး။ ဒါပေမယ့် ၅၀ / ၅၀ ကတော့ Over Sea ကသွားတဲ့ Normal Trade ကတော့ ၅၀ / ၅၀ ကတော့ ပိုပြီးတော့ အဆင်ပြေနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဆင်ပြေတယ်ဆိုတာ နည်းနည်းလေး တိုးတက်လာတာပေါ့။ နယ်စပ်ဒေသကတော့  ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ရမှသာလျှင် နယ်စပ် ဒေသက အကျိုးခံစားခွင့်ရှိပြီး စီးပွားရေး တိုးတက်လာမှာ။ ၅၀ / ၅၀ က အရင်ကထက် စာရင်တော့ နည်းနည်း လေးတော့ အသက်ရှူ ချောင်လာတာပေါ့။ နည်းနည်းလေး တိုးတက်လာတဲ့ လမ်းကြောင်းလေးတော့ ပြနေပြီ။ ဒါပေသည့် ကြီးကြီးမားမား ပြောင်းလဲမှု မရှိဘူး။ ဒါကြောင့် ဆန်သယ်ယူမှုကိစ္စမှာတော့ ပြည်တွင်းမှာလည်း ဆန်ဈေးမြင့်တက်နေတာဆိုတော့ ၅၀ / ၅၀ ပြောင်းလဲလိုက်ပေမယ့်လည်း နယ်စပ်ဒေသမှတဆင့် ဆန်တင်ပို့မှု မှာတော့ သိပ်ပြီးတော့ ကြီးကြီးမားမား တိုးတက်လာမယ်လို့တော့ မမြင်ဘူး” ဟု ပြောသည်။

မြန်မာ့ဆန်ကို တင်ပို့ရန်ပြင်ဆင်နေကြစဉ်

ယခင်က တရုတ်နယ်စပ် ကုန်သွယ်ရေးမှတဆင့် ဆန်နှင့်ဆန်ကွဲ တင်ပို့မှုသည် နေ့စဉ် အစီးရေ ၃၀ နှင့် ၄၀ ကြား တင်ပို့မှုရှိသော်လည်း ပို့ကုန်ရငွေ သတ်မှတ်ချက်နှင့် ပြည်တွင်းဆန်ဈေးနှုန်း မြင့်တက်မှုကြောင့် အစီးရေ ၄ စီးခန့်သာ ရှိကြောင်း သိရသည်။

ထိုတင်ပို့မှုများကလည်း လိုင်စင်လက်ကျန် ကျန်ရှိနေသည့် ကုန်သည်များသာ တင်ပို့မှုများ ဖြစ်ကြောင်း၊ မြန်မာ ပြည်တွင် ဆန်နှင့်ဆန်ကွဲ ဈေးနှုန်းမြင့်တက်သော်လည်း တရုတ်ဘက်က ဝယ်ယူသည့် ဈေးနှုန်းမှာ အပြောင်းအလဲ မရှိ၍ အဆင်မပြေကြောင်း မူဆယ်နယ်စပ်ကုန်သည်များက ပြောသည်။