CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၃၀

နယ်စပ်မှတဆင့် ဆန်တင်ပို့ရာတွင် လိုင်စင်အသစ် လျှောက်ထားမှုကို လိုင်စင်ချပေးခြင်း မရှိခြင်းကြောင့် တရုတ် နယ်စပ်ကုန်သွယ်ရေးတွင် ဆန်နှင့် ဆန်ကွဲ တင်ပို့မှု ရပ်ဆိုင်းလုနီးပါး ဖြစ်နေသည်ဟု မူဆယ်ဆန်ကုန်သည်များထံ မှ သိရသည်။

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်စေရန် ပြည်ပကို ဆန်တင်ပို့ရာတွင် အကန့်အသတ်စနစ်ဖြင့်သာ တင်ပို့ရမည်ဖြစ်သည့်အတွက် လိုင်စင်အသစ်များ ချမပေးသေးခြင်း ဖြစ်ကြောင်း သိရသည်။

ပြည်ပသို့ ဆန်တင်ပို့မှုကို ကန့်သတ်လိုက်ခြင်းနှင့် လက်ရှိတွင် နွေစပါးများ ပေါ်လာနေပြီ ဖြစ်သည့်အတွက် ပြည်တွင်း ဆန်ဈေးနှုန်းများလည်း လျော့ကျလာမည် ဖြစ်သည်ဟု မူဆယ်ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်းက CNI သတင်းဌာနသို့ ပြောသည်။

ဦးမင်းသိန်းက “လိုင်စင်အဟောင်းတွေက သိပ်မကျန်တော့ဘူး။ လိုင်စင်အသစ်ကို ဖေဖော်ဝါရီ ၁၄ ရက်နေ့ ကတည်းက စတင်ပြီး မထုတ်ပေးတာ ဒီကနေ့အထိပဲ။ ဒါပေမယ့် ၄ လပိုင်း အကုန်လောက်ဆိုရင် ပြန်ထုတ် ပေးမယ်လို့ ကြားတယ်။ ဒါကြောင့် လိုင်စင် မထုတ်ပေးတာလည်း ပါတယ်၊ ၆၅၊ ၃၅ သတ်မှတ်လိုက်လို့ အကျိုး အမြတ် မရှိလို့ ဆန်တွေ မတင်တာလည်း ပါတယ်။ ဒါကြောင့် လောလောဆယ်မှာတော့ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက ရပ်ဆိုင်းလုနီးပါး ဖြစ်သွားပါပြီ။

စပါးများနေလှန်းနေစဉ်

လောလောဆယ် ပြည်ပနိုင်ငံကို ဆန်တင်ပို့မှု လျှော့ချတယ်ဆိုတာတော့ တရားဝင် တော့ မကြေညာဘူးပေါ့လေ၊ သူ့ဟာသူတော့ လျှော့နေတာ။ အဲဒီအတွက်ကြောင့် လောလောဆယ်တော့ အခု နွေစပါးလည်း ပေါ်တော့မယ်ဆိုရင်တော့ ဆန်ဈေးကတော့ အထိုက်အလျောက်တော့ ပြန်ကျမှာပေါ့” ဟု ပြော သည်။

ပြည်ပသို့ တင်ပို့သည့် ဆန်သည် ဧည့်မထ ၂၅ မတ်ဆန်များဖြစ်ပြီး ယင်းဆန်သည် အခြေခံလူတန်းစား အများဆုံး စားသုံးသည့် ဆန်ဖြစ်သည့်အတွက် ထိုဆန်ဈေးနှုန်းများ ကျဆင်းလာမည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် ပေါ်ဆန်မွှေး ဆန် ထွက်ရှိမှု လျော့နည်းသည့်အတွက် ဆန်ကြမ်းဈေးနှုန်း ကျဆင်းသော်လည်း ဆန်အချော ဈေးနှုန်းများသည် လိုက်ပါကျဆင်းမည် မဟုတ်ကြောင်း ဆန်ကုန်သည်များက သုံးသပ်ကြသည်။

ပြည်တွင်း ဆန်ဈေးနှုန်းသည် အဆမတန် မြင့်တက်နေခြင်းကြောင့် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ကုန်သည်များ အနေဖြင့် အကျိုးအမြတ် ရရှိမှု နည်းပါးနေသည့်အတွက် ကုန်သည်အများအပြားသည် ဆန်တင်ပို့မှုများ ရပ်နား လာကြကြောင်း သိရသည်။

ထို့နောက် ပြည်ပသို့ ဆန်တင်ပို့မှု မရှိခြင်း အပြင် ပြည်တွင်း ဆန်ဈေးနှုန်းပါ ကျဆင်းလာပါက စပါးစိုက် တောင်သူ များအတွက် ထိခိုက်နိုင်ကြောင်း၊ ထို့ကြောင့် ဈေးကွက်ကို ထိန်းညှိသည့် အနေဖြင့် သေချာ စိစစ်ပြီးမှသာ လိုင်စင် ချပေးခြင်းဖြစ်သည်ဟု ဘုရင့်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

ဦးသန်းဦးက “ပြည်တွင်း ဆန်ဈေးနှုန်းက ပတ်သက်မှုတော့ ရှိတယ်။ ဒါပေမယ့် အခုဟာတော့ မျှမျှတတပေါ့နော် export မပို့လို့ရှိရင်လည်း ဆန်ဈေးက မြန်မာနိုင်ငံမှာ အများဆုံး စိုက်ပျိုးထုတ်လုပ်တဲ့ တောင်သူ လယ်သမားတွေ အတွက်လည်း ပြန်ကြည့်ရတာပေါ့နော်။ export မပို့လို့လည်း မရဘူး။ ပြည်တွင်းက ဆန်ဈေးတွေလည်း မတရား ဈေးတက်ရင်လည်း မဖြစ်ဘူး။ အဲလိုမျိုးပေါ့နော် ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ အဲဒီလိုမျိုး ထိန်းညှိရတာ ပေါ့။ ပြီးခဲ့တဲ့လက နွေစပါးနဲ့ မိုးစပါးနဲ့ စပ်ကူးမက်ကူးမှာ သင်္ဘောတင်ရှိတော့ နောက်ဆုတ်ထားတာပေါ့နော်။ အခု ဆိုရင် နွေစပါးတွေ ပေါ်လာပြီလေ။ နွေစပါးပေါ်တဲ့ အချိန်ကျမှ တင်ပေါ့။ သဘောကတော့ ကာဂို (ပစ္စည်း) မရှိဘဲနဲ့ ရောင်းတယ်။ နောက် သင်္ဘောက လာတင်တဲ့အချိန်မှ ပစ္စည်းက မရှိဘူး။ ရှိတဲ့ပစ္စည်းတွေကို မတန်တဆ ဈေးပေး ပြီးတော့ အရှုံးခံပြီး ဝယ်တင်ရမယ်ဆိုရင် ကုန်ဈေးနှုန်းတွေလည်း မြင့်သွားမယ်။ exporter လည်း အကျိုးမရှိဘူး။ အဲဒီလိုမျိုးတွေ မဖြစ်အောင်ပေါ့နော်။ စနစ်တကျ စိစစ်ပြီးမှ လိုင်စင်ချပေးတယ်။ အရောင်းအဝယ်တွေ လုပ်လို့ရ တယ် အဲဒီသဘောပါ။ အရင်လိုတော့ လွယ်လွယ်ကူကူ ပေါ့ပေါ့ပျက်ပျက်တော့ ရောင်းလို့ မရတော့ဘူး” ဟု ပြော သည်။

ဆန်အိတ်များ သယ်ဆောင်နေစဉ်

မတ်လ ဒုတိယပတ်မှ စတင်ပြီး နွေစပါးများ ရိတ်သိမ်းနေကြပြီ ဖြစ်သည့်အတွက် ဘုရင့်နောင်ကုန်စည်ဒိုင်သို့ ဆန်ဝင်ရောက်မှု များပြားနေကြောင်း၊ ထို့နောက် ဆန်ဈေးနှုန်းများ ကျဆင်းနေပြီဖြစ်ကြောင်း သိရသည်။

ပြည်ပကို တင်ပို့သည့် ဆန်ကြမ်းဈေးနှုန်းသည် ယခင်က တစ်အိတ်လျှင် ၅၃၀၀၀ ကျပ် ရှိသော်လည်း လက်ရှိတွင် ၅၀၀၀၀ ကျပ်ခန့်သာ ရှိတော့ကြောင်း၊ ဆန်တွင် အစိုဓာတ် ပါဝင်မှုနှုန်း များနေခြင်းကြောင့် ဆန်ဈေးနှုန်းများ ဆက်လက်၍ ကျဆင်းနိုင်ခြေ ရှိသေးကြောင်း ဘုရင့်နောင်ကုန်စည်ဒိုင်ထံမှ သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ၂၀၂၃ - ၂၄ ဘဏ္ဍာနှစ်တွင် ဆန်တန်ချိန် ၂ ဒသမ ၁ သန်းကျော်ကို ပြည်ပသို့ တင်ပို့နိုင်ရန် မျှော်မှန်းထားခြင်းကြောင့် တစ်လလျှင် ဆန်နှင့် ဆန်ကွဲတန်ချိန် ၁ သိန်းမှ ၁ သိန်းခွဲခန့်သာ တင်ပို့နိုင်တော့မည့် အခြေအနေ ဖြစ်သွားမည်ဖြစ်သည်ဟု ဆန်ကုန်သည်များက သုံးသပ်ကြသည်။