CNI News

၂၀၂၂ ခုနှစ်၊ မေ ၁၇

ရခိုင်ပြည်နယ်အတွင်း ဆန်သယ်ယူခွင့် ကန့်သတ်ထားသောကြောင့် အမ်းမြို့နယ်ရှိ ဒါးလက်ချောင်းကျေးရွာ အပါအဝင် လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ကျေးရွာများတွင် ဆန်ဈေးနှုန်းများ မြင့်တက်ပြီး အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကျေးရွာဒေသခံများထံမှ သိရသည်။

အမ်းမြို့နယ်သည် ကျောက်တော်၊ ပုဏ္ဏားကျွန်း စသည့် မြို့နယ်များမှ ဆန်ကို မှီခိုနေရပြီး ယခုအချိန်တွင် ဆန်သယ်ဆောင်ရာ၌ အမ်းမြို့၏ မြို့ပေါ်တွင်သာ ဆန်များ ရောက်ရှိပြီး နယ်ကျေးရွာများသို့ သယ်ဆောင်ရန် အခက်အခဲ ရှိနေခြင်းကြောင့် ဈေးနှုန်းများ အဆမတန် မြင့်တက်နေသည်ဟု အမ်းမြို့ဒေသခံ ဦးသန်းချိုက CNI သတင်းဌာနသို့ ပြောသည်။

ဦးသိန်းချိုက “မြို့ထဲမှာတော့ မဟုတ်ဘူး။ နယ်တွေမှာ အခက်အခဲ ရှိတယ်။ အထူးသဖြင့် ဒါးလက်ချောင်းပေါ့။ ဒါးလက်ချောင်းက ပိုပြီးတော့ အခက်အခဲ ရှိတယ်။ ဒီနှစ်ထဲမှာတော့ မြို့ထဲမှာ အဝင် ကန့်သတ်ထားတာ ရှိတယ်။ သို့ပေမယ့် မြို့ထဲမှာ ဆန်ကုန်သည် အသင်းတွေက ရှိတယ်လေ။ မြို့ထဲမှာတော့ အဲလောက် အခက်အခဲ မရှိဘူးပေါ့လေ။ ဒါပေမယ့် အရင်လိုတော့ လွယ်လွယ်ကူကူ မဖြစ်ဘူးပေါ့။ အဲလိုလုပ်တဲ့အတွက် ဈေးတွေက တက်သွားတာ” ဟု ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ဆန်သယ်ယူခွင့် ကန့်သတ်ချက်များ ချမှတ်ထားပြီး သယ်ဆောင်ရာတွင်လည်း နယ်လုံဝန်ကြီး၏ လက်မှတ် ပါရှိမှသာ သယ်ဆောင်ရကြောင်း၊ မြို့နယ်တစ်ခုနှင့် တစ်ခု သယ်ဆောင်ရာတွင် ကားတစ်စီးလျှင် ဆန်အိတ်ရေ ၅၀ သာ သယ်ဆောင်ခွင့်ပြုကြောင်း သိရသည်။

ထို့နောက် အမ်းမြို့နယ်သည် ဆန်စပါး စိုက်ပျိုးမှု မရှိသည့်အတွက် တခြားမြို့နယ်တွေထက် ပို၍ အခက်အခဲ ရှိသည်ဟုလည်း ဦးသန်းချိုက ဆက်ပြောသည်။

အမ်းမြို့နယ်က တိုက်ပွဲရှောင်များကို ပို့မည့် ဆန်အိတ်များသယ်ဆောင်လာသည့် ကားများ

၎င်းက “တခြားမြို့နယ် ထက်စာရင် ဒီအမ်းမြို့က ပိုပြီး ခက်ခဲတာပေါ့နော်။ ဆန်စပါးကျတော့ တောင်ကုတ်ဘက်ကို မှီရတယ်။ နောက်ပြီးတော့ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး အဲဘက်ကို မှီပြီး စားရတာကိုး။ အဲဒီဘက်က လာတဲ့ဆန်ကလည်း လာချင်တိုင်း လာလို့မရ။ တောင်ကုတ်ဘက်က လာတဲ့ဆန်လည်း လာလို့မရ အဲလိုဖြစ်နေတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ယခုလို ဆန်သယ်ယူခွင့် ကန့်သတ်ချက်များသည့် လွန်ခဲ့သည့် နှစ်များတွင် ရှိခဲ့သော်လည်း ယခုတွင် ပိုမိုတင်းကြပ်လာပြီး သယ်ယူရာတွင် ပို၍ ခက်ခဲလာသည်ဟု သိရသည်။

ထို့နောက် အမ်းမြို့ပေါ်မှတဆင့် ကျေးရွာများသို့ ဆန်ကုန်သည်များ ဆန်သယ်ဆောင်ရာတွင်လည်း ကားတစ်စီးလျှင် ဆန် အိတ်ရေ ၁၀ အိတ်သာ သယ်ဆောင်ခွင့်ပြုသည်ဟု ဆန်ကုန်သည်တစ်ဦးဖြစ်သူ ဦးလှဖြူက CNI သတင်းဌာနသို့ ပြောသည်။

ဦးလှဖြူက “အမ်းမြို့တွင်းကို မျှောနဲ့ သယ်ရတာ လွယ်ပေမယ့် အမ်းမြို့ကနေပြီးရင် အပြင်ကို မယ်လမောင်တို့၊ စခန်းမော် ဘက်၊ တလိုင်းတောင်၊ ဒါးလက်ဘက်တို့ အဲဒီဘက်ကို သယ်ရတာ သိပ်ကို မလွယ်ကူပါ။ လွယ်ကို မလွယ်ကူတာ။ ရွာတွေကို ပြန်သယ်တဲ့ အခါကျတော့ သူတို့က ကားတစ်စီးကို ၁၀ အိတ်ပဲ တင်ခွင့်ပေးတယ်။ များများစားစား မတင်ရပါ” ဟု ပြောသည်။

အမ်းမြို့နယ်၏ မြို့ပေါ်တွင် ဧည့်မထဆန် တစ်အိတ်လျှင် ၂၀၀၀၀(နှစ်သောင်း)ကျပ် ရှိသော်လည်း အမ်းမြို့နယ်၏ ကျေးရွာ ဘက်တွင် ဆန်တစ်အိတ်လျှင် ၃၀၀၀၀(သုံးသောင်း)ကျော်ဖြင့် ဝယ်ယူနေရကြောင်း သိရသည်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားသည့် အချိန်တွင် အမ်းမြို့နယ်၏ ကျေးရွာများသို့ ဆန်ရိက္ခာ သယ်ဆောင်ခွင့် နှစ်ချီ၍ ပိတ်ပင်မှုများရှိခဲ့ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် AA ကြား နားလည်မှုဖြင့် အပစ်အခတ်ရပ်စဲထား သော်လည်း နှစ်ဖက် စစ်ရေးတင်းမာသည့် အခြေအနေသို့ ပြန်ရောက်နေကြောင်း သိရသည်။