CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃

အ‌ခြေခံစားသောက်ကုန်စျေးနှုန်း မြင့်တက်နေခြင်းကို လျှော့ချနိုင်ရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် နစက-က ကုန်ပစ္စည်းများကို တိုက်ရိုက် ရောင်းချမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု စားသုံးသူရေးရာသမဂ္ဂက CNI သတင်းဌာနသို့ ပြောသည်။

မိမိတို့ ကိုယ်ကျိုးအတွက် ကုန်ဈေးနှုန်းများကို ထိုက်သင့်သည်ထက် ကြီးမြင့်အောင် လုပ်ဆောင်နေသည့် ဝိသမ လောဘသားများကို ဖော်ထုတ်၍ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်ရန်လိုအပ်သည်ဟု နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဇွန်လ ၁၂ ရက်နေ့က အခြေခံစားသုံးကုန်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်ရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

စျေးကွက်အတွင်းက ကုန်ပစ္စည်းများကို ကုန်သည်များ အနေဖြင့် စျေးကစားခြင်း ပြုလုပ်ခြင်းများ  မလုပ်နိုင် အောင်နှင့် စျေးနှုန်း မြင့်တက်နေမှုများကို အတတ်နိုင်ဆုံး လျှော့ချရန် နစကအနေဖြင့် ထိထိရောက်ရောက် လုပ်ဆောင်သင့်သည်ဟု စားသုံးသူရေးရာသမဂ္ဂမှ ဦးဗအုပ်ခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ အခြေခံကုန်ဈေးနှုန်းထိန်းချုပ်ရေး နစက အစည်းအဝေးကျင်းပနေစဉ်

ဦးဗအုပ်ခိုင်က " စျေးကွက်အတွင်း စျေးကစားတာတွေ၊ ဆန်တွေဆိုလည်း သိုလှောင်ပြီး စျေးတင်ရောင်းတာတွေ ကို ကျနော်တို့ အနေနဲ့ မလုပ်ဆောင်ဖို့ ကျနော်တို့အနေနဲ့ သတိပေးတာတွေ ရှိတာပေါ့နော်။ ဒီလိုစျေးကွက် အတွင်းမှာ စျေးနှုန်းမြင့်တင်‌ ရောင်းချတာတွေ လျှော့ချနိုင်ဖို့ဆိုရင် အစိုးရမှာ တာဝန်ရှိတယ်လေ။ သူတို့က ပစ္စည်း တွေကို စိုက်ပျိုး ထုတ်လုပ်တဲ့သူတွေဆီ တိုက်ရိုက်ဝယ်ယူပြီး သူတို့ကနေတဆင့် ပြည်သူတွေကို တိုက်ရိုက် ပြန် လည် ဖြန့်ဖြူးတာမျိုးပေါ့။ သမဝါယမ ဆိုင်လိုမျိုးပေါ့။ အဲလိုမျိုးဆိုမှ စျေးနှုန်းတွေကို ထိန်းချုပ်လို့ရမယ်။ ဒါမှ ကုန်သည်ပွဲစားတွေ စျေးကစားချင်တိုင်း ကစားလို့မရဘူး"ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံမှ အခြေခံ စားသောက်ကုန် ဈေးနှုန်းများသည် မြန်မာ့တပ်မတော်က NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချခဲ့ပြီးနောက် မြင့်တက်လာခဲ့သည်။

ထို့နောက် တချို့ပြည်နယ်များတွင် နေရာဒေသလိုက်ပြီး စျေးနှုန်း မြင့်တက်မှုများရှိကြောင်း ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဦးကျော်ဇံမောင်က CNI သတင်းဌာနသို့ ပြောသည်။

အခြေခံ လူတန်းစားများ လုပ်ငန်းခွင်မှ အိမ်ပြန်ရန် လုပ်နေကြစဉ်

၎င်းက "စျေးနှုန်းက နိုင်ငံရေး မတည်မငြိမ်မှုတွေမှာ ပိုမြင့်လာတာဆိုပေမယ့် ကျနော်တို့ဆို မိုခါမုန်တိုင်း တိုက်ပြီး တဲ့နောက်မှာ ‌ပုံမှန်စျေးနှုန်းထက် တစ်ဆလောက် မြင့်တက်သွားတယ်။ အဲဒါက လမ်းပန်းဆက်သွယ်ရေးတွေ ကြောင့် ကုန်ပစ္စည်းကို စျေးကစားတာတွေပေါ့။ ပစ္စည်းရှားရင် စျေးတက်တယ်ဆိုတဲ့ သဘော။ ကျနော်တို့ဘက်မှာ တော့ စျေးတင်ရောင်းရင် အရေးယူမယ်လို့‌ ပြောတာတွေ မရှိသေးဘူး"ဟု ပြောသည်။

စားသောက်ကုန်များ စျေးမြင့်တက်ခြင်းကြောင့် လက်လုပ်လက်စားများနှင့် ဝန်ထမ်းများအတွက် စားဝတ်နေရေး လုံလောက်မှု မရှိဘူးဟု ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်က အိမ်ထောင်ရှင်မ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက "ဘဲဥတစ်လုံးတောင် သုံးရာပေးရတဲ့ခေတ် ဖြစ်နေပြီ။ အရင်က စျေးဖိုး ၁၀၀၀၀ ဆိုရင် အခု ၁၀၀၀၀ နဲ့ မလောက်တော့ဘူး။ တစ်နေ့တစ်နေ့ စျေးတက်မလားပဲ စောင့်နေရတယ်။ ဝင်ငွေနဲ့ ထွက်ငွေက လုံးဝ လုံလောက်မှု မရှိတော့ဘူး။ 

သားသမီးတွေ ပညာရေးတွေကလည်း ရှိသေးတယ်။ ဖြစ်နိုင်ရင် သက်ဆိုင်ရာတွေက နည်းနည်း လျှော့ပေါ့ လုပ်ဆောင်ပေးသင့်တယ် ထင်တယ်"ဟု ပြောသည်။

လက်ရှိ မြန်မာနိုင်ငံတွင် စားသောက်ကုန် ဈေးနှုန်းများသည် တစ်နေ့ထက် တစ်နေ့ ပိုမို မြင့်တက်လာနေကြောင်း၊ ထိုသို့ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ စားဝတ်နေရေး ခက်ခဲသူများ ပိုများလာကာ ခိုးဆိုးလုနှိုက်မှုများ လည်း ပိုမို များပြားလာနေကြောင်း ပြည်သူလူထုများက ပြောကြသည်။