CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)က ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရက္ခိုင့် တပ်တော် (ULA/AA) ၏ ရည်မှန်းချက်ကို ပုံဖော်လာနိုင်ကြောင်း စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) မှ ဦးမျိုးကျော်က CNI သတင်းဌာနသို့ ပြောသည်။

AA ၏ ရည်မှန်းချက်ဖြစ်သော ကွန်ဖက်ဒရေးရှင်းကို ပုံဖော်လာနိုင်သလို ၎င်းတို့ သိမ်းပိုက်ထားသော နယ်မြေများ ကိုလည်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေးများအား ဖော်ဆောင်လာနိုင်ကြောင်း ၎င်းက ပြောသည်။

ဦးမျိုးကျော်က “အစောကြီးကတည်းက ရက္ခိုင့်တပ်တော် (AA) အနေနဲ့ဆိုရင် ဒီစကားကတော့ သူတို့ ပြောပြီး သားပဲ၊ သူတို့ လိုအပ်တဲ့ဟာဆိုရင် “ဝ”အဆင့်ထက် မနိမ့်သော ကွန်ဖက်ဒရိတ်ကို လိုချင်တဲ့ဟာမျိုး ကျနော်တို့ ကတော့ အဲဒါကို သူတို့ ဘယ်လိုပုံဖော်မလဲဆိုတာ စောင့်ကြည့်လာတယ်ပေါ့ဗျာ၊ အခုကတော့ ၁၀၂၇ ဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒီဟာကြီးကတော့ ပုံပေါ်လာတယ်ပေါ့ဗျာ၊ တနည်းအားဖြင့် ပြောရရင် သူ့နယ်မြေမှာ သူ အများကြီး အလုပ်လုပ်လာနိုင်တယ်၊ သူတို့ သိမ်းပိုက်နယ်မြေတွေကို ပုံဖော်လာနိုင်တယ်ပေါ့ဗျာ၊ တနည်းအာဖြင့် ပြောရရင် သူတို့ ဆုတ်သွားတဲ့ စကစက ဆုတ်သွားတဲ့ နေရာတွေကို သူတို့ ပြန်ဝင်တိုးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင် တော့ဘူး။ သို့သော်လည်း တပ်တော် (ULA/AA) အနေနဲ့က အဲဒီနေရာမှာ အစိုးရတစ်ရပ်လို ဘယ်လိုပုံဖော်မလဲဆို တာ ကျနော်တို့လည်း စောင့်ကြည့်နေတယ်လို့ပဲ ပြောရမှာပေါ့” ဟု ပြောသည်။

AA တပ်ဖွဲ့ကို တွေ့ရစဉ်

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေပြီး ဒေသခံလူထုများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် လျက်ရှိနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်က စတင်ခဲ့သော ညီနောင်မဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၎င်းတို့မှာ အကျိုးအမြတ် ရရှိခဲ့ကြောင်း၊ AA မှ ထိန်းချုပ်နယ်မြေရရှိရေး ဆက်လက် လှုပ်ရှားနေကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာအောင်မျိုးက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “တွေ့ရတာပေါ့၊ သူတို့အားလုံး ပေါင်းလုပ်ကြတာပေါ့နော်၊ ပေါင်းလုပ်တဲ့အခါကြတော့ သူတို့လည်း အကျိုးအမြတ်တော့ တော်တော်ရသွားတာပေါ့၊ အကျိုးအမြတ် တော်တော် ရသွားတယ်ဆိုတာတော့ ဒီဘက်က လည်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိဘူးပေါ့နော်၊ အဲဒီအခါကြတော့ အကျိုးအမြတ် အများကြီးရှိတယ်၊ ဒါပေမယ့် သူက ၁၀၂၇ ပြီးပေမယ့်လည်း သူ့ရည်မှန်းချက်က မပြီးသေးဘူးလေ။ သူ့ရည်မှန်းချက်က MNDAA နဲ့ TNLA အတွက် ခြေကုတ်ရရုံပဲ ရှိသေးတာကို သူ့အတွက်က မရသေးတော့ လုပ်ရဦးမှာပေါ့၊ သူလုပ်ဖို့အတွက်ကို အများ ကြီး သူ့ရဲ့လှုပ်ရှားမှုက မရပ်တန့်ဘူးလို့ပဲ ကျနော်တို့က ပြောရမှာပေါ့” ဟု ပြောသည်။

AA အနေဖြင့် ပြည်ထောင်စုမှ ခွဲထွက်ကာ သီးခြားနိုင်ငံထူထောင်ရန် အစီအစဉ်ဆွဲထားခြင်း မရှိကြောင်း၊ ကွန်ဖက် ဒရေးရှင်း(ကွန်ဖက်ဒရိတ်)အဆင့်ထက် မနိမ့်သော အဆင့်မျိုး တည်ဆောက်မည်ဟု ရည်မှန်းထားကြောင်း AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက မတ်လ ၄ ရက်က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။

 AA ပြန်ကြားရေးတာ၀န်ခံ ခိုင်သုခကို တွေ့ရစဉ်

ခိုင်သုခက “ခွဲထွက်ပြီး သီးခြားနိုင်ငံထူထောင်ဖို့ ဆန္ဒရှိလားဆိုရင် အထက်ကလည်း ကျနော်ပြောခဲ့ပါတယ်။ ယနေ့ ထက်ထိ ယခုချိန်ထိတော့က ကျနော်တို့အနေနဲ့ ခွဲထွက်ဖို့ အစီအစဉ် ဆွဲထားတာတော့ မရှိပါ။ ကျနော်တို့ကတော့ က ကွန်ဖက်ဒရေးရှင်းထက် မနိမ့်တဲ့အဆင့်ကို ရဖို့ဆိုတာ ကျနော်တို့ ရှင်းရှင်းလင်းလင်း ပြောထားပြီး ဖြစ်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ နိုင်ငံရေး ရည်မှန်းချက်ကို ကျနော်တို့က ရန်သူ့ဖက်ကလည်း တောင်းနေဖို့ မဟုတ်၊ ကျနော် တို့ ကိုယ်တိုင် အာမခံချက်ရှိအောင် ကျနော်တို့ ဆက်လက်ပြီး လုပ်ဆောင်လုပ်ဖို့ ဖြစ်ပါတယ်” ဟု ပြောသည်။

ခွဲထွက်ပြီး သီးခြားနိုင်ငံ ထူထောင်ခြင်း မထူထောင်ခြင်းက အတူတကွ နေထိုင်၍ ရ/မရဆိုသည့်ကိစ္စနှင့် တိုက်ရိုက် အချိုးကျကြောင်း၊ အတူတကွနေထိုင်ပြီး စိတ်မချမ်းသာဖြစ်နေသည့် အခြေအနေမျိုး၊ မိမိတို့ ပြည်သူများအား ဖမ်းဆီးနှိပ်စက်နေမှု၊ သတ်ဖြတ်နေမှုများမှာ စဉ်းစားစရာရှိကြောင်း ၎င်းက ပြောသည်။

၁၀၂၇ စတင်ခဲ့ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်အတွင်းရှိ ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ တောင်ပြို လက်ဝဲ၊ မင်းပြား၊ ပုဏ္ဏားကျွန်း အပါအဝင် ချင်းပြည်နယ်အတွင်းရှိ ပလက်ဝ၊ ဆမီးတို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထားသည်။