CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၆

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)ကို နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းလိုက်သည်မှာ မဟုတ်ကြောင်း ALP မှ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က CNI သတင်းဌာနသို့ ပြောသည်။

နယ်ခြားစောင့်တပ်အဖြစ် ဖွဲ့စည်းမည်ဟု ဆွေးနွေးမှုလည်း မရှိခဲ့ကြောင်း၊ မိမိတို့အား နယ်ခြားစောင့်တပ် အဖြစ် ပြောင်းလဲသွားသည်ဆိုသော သတင်းဌာနများ၏ ဖော်ပြမှုမှာ မှန်ကန်မှုမရှိကြောင်း ၎င်းက ပြောသည်။

ALP မှ အတွင်းရေးမှူးအဖွဲ့ဝင် ဗိုလ်မှူးခိုင်သူရိန်က “အဲဒီ BGF ဖွဲ့တယ်ဆိုတဲ့ သတင်းကရော ဘယ်သူက ပြောတာ လဲ၊ ပြောတဲ့လူကို သွားမေးရမှာပေါ့ဗျာ၊ ကျနော်တို့က BGF လုံးဝဖွဲ့မယ့်စကားကို ဆွေးနွေးမှုလည်း မရှိခဲ့ဘူး။ ညှိနှိုင်းမှုလည်း မရှိခဲ့ဘူး။ ကျနော်တို့ကို BGF ဆိုတာကတော့ ဒီသတင်းကို ထွက်လာတဲ့ လူကိုပဲ ပြန်မေးရမှာ ဖြစ် တယ်၊ သူဘယ်ကရတဲ့ သတင်းလဲ၊ ဘယ်လောက် အခြေအမြစ်ရှိပြီး ခိုင်လုံတဲ့ သတင်းနေရာက ရသလဲဆိုတာ သူ့ကို ပြန်မေးရမှာ” ဟု CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က မြန်မာ့တပ်မတော်မှ အာဏာရယူပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ပြန့်လာနေသည်။

 ALP ပါတီဝင်တဲ့ NCA ထိုးထားတဲ့ လက်နက်ကိုင် ၇ ဖွဲ့နဲ့ နစကရဲ့ NSPNC တို့ တွေ့ဆုံ ဆွေးနွေးနေစဉ်

ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းခဲ့ရာမှ နစကနှင့် ALP သည် နေပြည်တော်မှာ မကြာခဏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ဆွေးနွေးလျက်ရှိသည်။

တခြား တစ်ဖက်မှာတော့ ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ALP မှ  ဒုဥက္ကဋ္ဌ ခိုင်နီရောင်၊ အမှတ်(၁၀၁)တပ်ရင်း မှ တပ်ရင်းမှူး ခိုင်ကျော်မင်းနှင့် တပ်သား ကျော်ကျော်နိုင်တို့ ၃ ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။

အဆိုပါ အခြေအနေများ ဖြစ်ပေါ်နေချိန်မှာပဲ ပြီးခဲ့သည့် ရက်ပိုင်းက ရခိုင်သတင်းဌာန တစ်ခုတွင် ALP ကို နယ်ခြား စောင့်တပ်အဖြစ် မြန်မာ့တပ်မတော်က ထားရှိရန် ပြင်ဆင်နေသည်ဟု ဖော်ပြခဲ့သည်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက “အဲဒါတော့ ကျနော်တို့ ဘယ်လိုမှ သဘောထားမရှိပါဘူး။ ဒါက သူတို့ရဲ့ ဆုံးဖြတ်ချက်၊ သူတို့ အဖွဲ့အစည်းရဲ့ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက်အပေါ်မှာပဲ တည်ပါတယ်” ဟု ပြောသည်။

ဒေါ်စောမြရာဇာလင်းကို တွေ့ရစဉ်

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ကို ၁၉၆၇ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့တွင် ဖွဲ့စည်းထူထောင်ခဲ့ပြီး ထိုင်း - မြန်မာနယ်စပ်နှင့် အိန္ဒိယ - မြန်မာနယ်စပ်များတွင် လှုပ်ရှားလျက်ရှိသည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း လှုပ်ရှားမှုများလည်း ရှိနေသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)သည် တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရခိုင်လက်နက်ကိုင်ဖြစ်ပြီး NCA ထိုးထားသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်း ထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှာလည်း အဖွဲ့ဝင်အဖြစ် ပါဝင်နေသည်။