CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၉

မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်အတွင်းမှာ နစကနှင့် ရက္ခိုင့်တပ်တော်(AA)ကြား အုပ်ချုပ်ရေးအပိုင်း အားပြိုင်နေမှု များကြောင့် ဒေသခံပြည်သူလူထုများသည် ဥပဒေစိုးမိုးမှု အားနည်းခြင်းကနေ ဖြစ်ပေါ်လာနေသော ထိခိုက်နစ် နာမှုများကို တိုင်ကြားရန် အခက်အခဲများ တွေ့နေကြောင်း သိရသည်။

နစက၏ အုပ်ချုပ်ရေး အခြေစိုက်သည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ခိုးဆိုးလုယက်မှုများ ဖြစ်ပွားလာနေ သော်လည်း ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိဘဲဖြစ်နေကြောင်း ရခိုင်ပြည်နယ်မှ ဒေသခံ ကိုကျော်မင်းခိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်တုန်းကဆို ခိုးမှုလောက်ပေါ့၊ ခိုးမှုလောက်ပဲ သိရတယ်။ အခုနောက်ပိုင်းကျတော့ ခိုးမှုတင်မကဘူး။ လုယက်မှုတွေ၊ တိုက်ခိုက်မှုတွေ၊ လူသတ်မှုတွေ ဒီဥစ္စာတွေက တိုးတိုးလာတယ်ပေါ့နော်။ အဲ့ဒီဟာက အဓိက အုပ်ချုပ်ရေးနှစ်ခုကြား တစ်ဖက်က AA၊ တစ်ဖက်ကလည်း စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား ဒီနှစ်ခုကြားမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ တစ်ဖက်နဲ့တစ်ဖက် တာဝန်ခံမှု တာဝန်ယူမှုပေါ့၊ အားနည်းချက်တွေ ကြောင့် ဖြစ်တယ်လို့လည်း မြင်တယ်။ မြို့ပေါ်ဒေသမှာ ဆိုလို့ရှိရင်လည်း နှစ်ဖက်စလုံးက အလိုရှိတဲ့ လူတွေကို လိုက်ဖမ်း အဲ့တာတွေရှိတယ်။ ဒါပေမယ့် တစ်စုံတစ်ခု လုယက်မှုတစ်ခု ကျူးလွန်လာပြီဆိုရင် ဘယ်ဖက်ကမှ ငါတို့ မှာ တာဝန်ရှိတယ်ဆိုပြီး ထိထိရောက်ရောက် လုပ်ဆောင်တာမျိုးတွေ မတွေ့ရဘူး။ အဲ့ကြောင့်မို့လို့ ဒီခိုးဆိုး လုယက်မှုတွေက ပိုပြီးတော့ အတင့်ရဲလာတယ်ဆိုတဲ့ သဘောပေါ့” ဟု ပြောသည်။

ယခုလို ခိုးဆိုးလုယက်ခြင်းနှင့် သတ်ဖြတ်မှုများ များပြားလာခြင်းကြောင့် မြို့ပေါ်နေထိုင်သည့် မြို့ခံများမှာ စိတ်လုံခြုံမှုမရှိဘဲ စိုးရိမ်စိတ်များဖြင့် နေထိုင်နေကြရကြောင်း စစ်တွေမြို့ခံ  မသိန်းမေက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းမှာ ရွှေဆိုင် ဓားပြတိုက်မှုဖြစ်စဉ်

မသိန်းမေက “အဲ့လိုခိုးဆိုးလုယက်မှုတွေ ဖြစ်ပေါ်နေရင် အမျိုးသမီး တစ်ယောက်အနေနဲ့ လုံခြုံမှု မရှိဘူး။ အဲ့လို ခံစားရတယ်။ အပြင်သွားမယ်ဆိုရင်လည်း သွားလို့ဖြစ်ပါ့မလား။ ကိုယ့်ဟာကိုယ် အဲ့လို မလုံမခြုံတွေ့တယ်။ 
ပြီးရင် အစ်မတို့မှာက မိန်းမသားတွေပဲ နေရတာဆိုတော့ကာ ပိုပြီးဆိုးတာပေါ့”ဟု CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်တွင် ဆိုင်ကယ် အခိုးခံရမှု၊ ဖုန်းလုယက်ခံရမှုများနှင့် အသတ်ခံရမှုများ မကြာခဏ ဖြစ်လာ သလို  မြောက်ဦး၊ ကျောက်တော်၊ တောင်ကုတ်တို့တွင်လည်း နေအိမ်ဖောက်ထွင်း ခံရခြင်း၊ ရွှေဆိုင်များတွင် ဓားပြ တိုက်ခံရခြင်းများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။

၂၀၂၂- ၂၀၂၃ ပညာသင်နှစ် အတွင်းကလည်း စစ်တွေတက္ကသိုလ်အနီးတွင် ကျောင်းသားများ အငှားယာဉ်စီးစဉ် ဓားပြတိုက် လုယက်မှု ၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

 ရခိုင်ပြည်နယ်ဒေသခံများကိုတွေ့ရစဉ်

ထို့အပြင် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၈ ရက်နေ့ ညနေက မြို့တော်ခန်းမဘေးရှိ ရွှေဆိုင်တစ်ဆိုင်ကို လူငယ်နှစ်ဦးမှ ဓားပြတိုက်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဧပြီ ၇ ရက်နေ့ကလည်း မြောက်ဦးမြို့နယ်တွင် သေနတ်အတုဖြင့် လူငယ်တစ်ဦးက ရွှေဆိုင်တစ်ဆိုင်ကို ဓားပြဝင်တိုက်ခဲ့ကြောင်း သိရသည်။

လက်ရှိ ရခိုင်ပြည်နယ်တွင် မြန်မာ့တပ်မတော်နှင့် AA ကြား တိုက်ပွဲများ မရှိသော်လည်း နှစ်ဖက် အုပ်ချုပ်ရေး အားပြိုင်နေသလို လူထုလွှမ်းမိုးနိုင်ရေး စည်းရုံးမှုအပိုင်းမှာလည်း အားပြိုင်မှုများ ရှိနေကြောင်း သိရသည်။

အဆိုပါ အခြေအနေများအတွင်းမှာ ရခိုင်ပြည်နယ်ရှိ မြို့နယ်အချို့မှာ ခိုးဆိုးလုယက်မှုနှင့် ဓားပြတိုက်မှုများ မကြာ ခဏ ဖြစ်ပေါ်လာနေသည့်တိုင် ဒေသခံများက မည်သည့် အဖွဲ့ကို သွားရောက် အကူအညီတောင်းရမလဲ အခက်အ ခဲ ဖြစ်နေကြောင်း ဒေသခံများက ပြောသည်။