CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၈

မိမိတို့ လက်နက်ကိုင် အဖွဲ့အစည်းအနေဖြင့် ကွန်ဖက်ဒရေးရှင်းကို မျှော်မှန်းထားကြောင်း မွန်ပြည် ကာကွယ်ရေးတပ်(MSDF)ဥက္ကဋ္ဌ ဒေါက်တာ သီရိမွန်ချမ်းမှ CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်တပ်နှင့် ပြည်သူလူထုတို့ တစ်ပေါင်းတစ်စည်းတည်း ဖြစ်ပေါ်လာပါက မိမိတို့အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်၍ရကြောင်း ၎င်းက ပြောသည်။

ဒေါက်တာ သီရိမွန်ချမ်းက “လက်နက်ကိုင်ဆောင်ထားတဲ့ ကျနော်တို့ မွန်ပြည်နယ်မှာရှိတဲ့ မွန်လက်နက်ကိုင် တပ်တွေရဲ့ အင်အား ဘယ်လောက်ရှိလဲ၊ အဲဒီ hard power နောက်ပြီးတော့ Soft Power ကြတော့ ကျနော်တို့ ပြည်သူပြည်သားတွေရဲ့ မျိုးချစ်စိတ်ဓါတ်တွေ တခြားယဉ်ကျေးမှုတို့ စီးပွားရေး အခြေအနေတို့၊ နောက်ပြီး ပညာရေး အခြေအနေတို့၊ လူမှုရေးအခြေအနေတို့ နောက်ပြီးတော သံတမန်ရေးရာ အဆက်သွယ်တွေပေါ့နော်၊ အဲဒီ နှစ်ခုပေါင်းစည်းပြီးမှ တကယ်လို့ ခိုင်မာတောင်းတင့်တဲ့ အမျိုးသား အင်အားရှိလာရင်တော့ ခုနလိုမျိုးပေါ့နော်၊ ကွန်ဖက်ဒရေးရှင်းပဲ ဖြစ်ဖြစ်၊ ဒီဖက်ဒရေးရှင်းပဲ ဖြစ်ဖြစ် လုပ်လို့ ရပါတယ်” ဟု ပြောသည်။

မွန်ပြည်ကာကွယ်ရေးတပ်(MSDF)သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်း ပြောင်းလဲလာသော နိုင်ငံရေး အခင်းအကျင်းအရ လက်နက်ကိုင်လှုပ်ရှားလာသော မွန်တပ်ဖွဲ့ဖြစ်သည်။

AA ခေါင်းဆောင် နှစ်ဦးကိုတွေ့ရစဉ်

ထို့နောက် မွန်ပြည်နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်း အခြေပြု လှုပ်ရှားလျှက်ရှိပြီး စစ်ဆင်ရေးများကို မဟာမိတ်များနှင့် ပူးတွဲလှုပ်ရှားလျက်ရှိကြောင်း သိရသည်။

ကွန်ဖက်ဒရေးရှင်းဆိုသော စကားလုံးအား ရက္ခိုင့်တပ်တော် (AA) က စတင် သုံးစွဲလာခြင်းကြောင့် ကွန်ဖက်ဒရေးရှင်း၏ အဓိပ္ပာယ်အား AA ထံ မေးသင့်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒါကတော့ AA ကိုပဲ မေးကြည့်ပါ AA က ပြောရေးဆိုခွင့်ရှိတဲ့ ခိုင်သုခကိုပဲ မေးပါ၊ ကျနော်တို့ကို မေးလို့ သိပ်ပြီးတော့ ပြည့်စုံလုံလောက်တဲ့ အဖြေမရနိုင်ပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးအဖြစ် မြန်မာနိုင်ငံ ဆက်လက် ရပ်တည်နေတာကို မြင်လိုတဲ့ အားပေးထောက်ခံလိုတဲ့ အင်အား စုတွေ ဖြစ်ပါတယ်” ဟု ပြောသည်။

ကွန်ဖက်ဒရေးရှင်းစနစ်မှာ ပြည်နယ်များသည် သီးခြားအချုပ်အခြာ အာဏာပိုင်ဆိုင်ရမည် ဖြစ်ပြီး တနည်းအားဖြင့် အခွန်ကောက်ခွင့် အာဏာ၊ ကိုယ်ပိုင်အစိုးရ၊ လွှတ်တော်၊ တရားစီ‌ရင်ရေး၊ ကိုယ်ပိုင်တရားရေးဌာန၊ ကိုယ်ပိုင် လက် နက်ကိုင်တပ် စသဖြင့် သီးခြားအုပ်ချုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

UWSA တပ်ဖွဲ့ကိုတွေ့ရစဉ်

မိမိတို့အနေဖြင့် အခြေအနေအပေါ် မူတည်၍ လွတ်လပ်သည့် ဖက်ဒရယ်နိုင်ငံအနေဖြင့်လည်း လက်ခံကြောင်း ဒေါက်တာ သီရိမွန်ချမ်းက ပြောသည်။

၎င်းက “ခုနက ကျနော်ပြောထားသလိုပေါ့နော်၊ ရခိုင် AA လည်း ဒီအတိုင်းပါပဲ၊ ကျနော်တို့လည်း ဒီအတိုင်းပါပဲ၊ ဒါက အခြေအနေပေါ်မှာ မူတည်တာပေါ့နော်၊ ယုတ်စွအဆုံး စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံပေါ့နော်၊ လွတ်လပ်တဲ့ ပြည်နယ်အနေနဲ့လည်း ကျနော်တို့ လက်ခံလို့ရပါတယ်။ ဘာဖြစ်လဲဆိုတော့ လွတ်လပ်ခွင့်ဆိုတာ ကိုယ့်ကိုယ်ကို ဖန်တီးခွင့်ရတဲ့ နောက်ပြီးတော့ ကိုယ့်ကံကြမ္မာကို ကိုယ်ဖန်တီးခွင့်ရတဲ့ အာဏာနဲ့ ပြည့်ဝတဲ့ ပြည်နယ်အနေနဲ့ ဖက်ဒရယ်နိုင်ငံမှာလည်း လွတ်လပ်ခွင့် ရထားပေးပေါ့နော်” ဟု ပြောသည်။

ကွန်ဖက်ဒရေးရှင်းစနစ်မှာ အချုပ်အခြာပိုင်ဆိုင်မှုရှိပြီး ဥပဒေပြဋ္ဌာန်းခြင်း၊ တရားစီရင်ခြင်း အပါအဝင် ငွေကြေး မူဝါဒ၊ နိုင်ငံသားမှတ်ပုံတင်၊ သယံဇာတ တူးဖော်ခြင်း၊ နိုင်ငံခြားဆက်ဆံရေးများမှာလည်း လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိသည့်အတွက် နိုင်ငံငယ်တစ်ခုအဖြစ် သက်ရောက်မှု ရှိကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ "ဝ" ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) သည်လည်း ကွန်ဖက်ဒရေးရှင်း ကဲ့သို့သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်အာဏာများ ရရှိထားသည်ဟု သုံးသပ်လျက် ရှိနေသည်။