CNI News

၂၀၂၄ ခုနှစ်၊ မတ်လ ၆

တအာင်းဒေသ အပါအဝင် မြောက်ပိုင်းဒေသတွင် အပစ်အခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးထားပြီးဖြစ် ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

အဆိုပါ အပစ်အခတ်ရပ်စဲရေးကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့က တရုတ်နိုင်ငံမှာ၊ TNLA-MNDAA-AA တို့ နှင့် NSPNC ကြား လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်သည်။

TNLA က “ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦးသည် မြောက်ပိုင်းညီနောင် မဟာမိတ်တို့နှင့်အတူ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ရှေ့ဆောင်ဦးရွက်မှုဖြင့် စကစ မြန်မာစစ်ကောင်စီနှင့် ဟိုင်ဂင် သဘောတူညီချက် စာချုပ်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် လက်မှတ်ထိုးကာ တအာင်းဒေသ အပါအဝင် မြောက်ပိုင်း ဒေသတွင် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီးဖြစ်သည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့(TNLA-MNDAA-AA)တို့သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၇ ရက်နေ့က ၁၀၂၇ စစ်ဆင်ရေးကို ဖော်ဆောင်၍ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဒေသများကို တိုက်ခိုက်၍ ကိုးကန့်၊ ကုန်ကြမ်း၊ ဖောင်း ဆိုင်၊ ကွမ်လုံ၊ ချင်းရွှေဟော်၊ ကြူကုတ်၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေါ့ စသည့် မြို့နယ်များကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

 TNLA တပ်ဖွဲ့ကို တွေ့ရစဉ်

ထို့နောက် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇-၈-၉ ရက်များတွင် ပထမအကြိမ် ဆွေးနွေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ် လည်းကောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလတွင် တတိယအကြိမ်အဖြစ် လည်း ကောင်း၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁ ရက်နှင့် ၂ ရက်နေ့များတွင် စတုတ္ထအကြိမ်အဖြစ် လည်းကောင်း ဆွေးနွေးခဲ့ ကြသည်။

လက်ရှိတွင် TNLA သည် နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းငေါ့၊ နမ္မတူ၊ သိန္နီ တို့ကို ထိန်းချုပ်၍ အုပ်ချုပ် ရေးထူထောင်လျက်ရှိပြီး နစကကို မြို့နယ် ၁၂ မြို့နယ်အား အသိအမှတ်ပြုပေးရန် တောင်းဆိုထားကြောင်း သိရသည်။

နစကသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒေသခံပြည်သူလူထု၏ လူမှုစီးပွား ဘဝ တည်ငြိမ်ရေးကို ရှေးရှုပြီး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနှင့် ပဋိပက္ခလျှော့ချရေး လမ်းစဉ်ကို ဆက်လက် ဆောင်ရွက်နေသည်ဟု ၂၀၂၄ ခုနှစ်၊ မတ်လ ၄ ရက်နေ့က သတင်းထုတ်ပြန် ပြောကြားခဲ့သည်။