CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၀

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းနေမှုကို ဖိအားပေးလို၍ မြန်မာ့တပ်တော်မှ KIA ဌာနချုပ် လိုင်ဇာမြို့အနီးကို တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း မြန်မာ့နိုင်ငံရေး လေ့လာသုံး သပ်သူ ဦးရဲထွန်းက CNI သတင်းဌာနသို့ ပြောသည်။

KIA အနေဖြင့် PDF များနှင့် ပူးပေါင်းကာ စစ်ကိုင်းတိုင်းဖက်ကို ထိုးဖောက် ဝင်ရောက်လာကြောင်း၊ ထို့ကြောင့် စစ်ရေးဖြင့် ဖိအားပေးခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။

ဦးရဲထွန်းက “အခုကတော့ ကာကွယ်ရေးဦးစီးချုပ်ကိုယ်၌က နိုင်ငံတော်အကြီးအကဲ တာဝန်ယူထားတော့ သူက ဆုံးဖြတ်တာတော့ တပ်ကတော့ ဖြေရဲမှာတော့ မဟုတ်ဘူးပေါ့နော်၊ ဘာကြောင့် ဟိုဟာ (တိုက်ခိုက်) လုပ်တယ်ဆို တာတော့ ပြောဖို့ခက်တယ်၊ ဖိအားပေးချင်တာ တစ်ခုတော့ သေချာတာပေါ့နော်၊ KIA က PDF တွေနဲ့ ပူးပေါင်းပြီး တော့ မြန်မာနိုင်ငံ အထက်ပိုင်းပေါ့၊ စစ်ကိုင်းတိုင်းတို့ ဘာတို့ကို ဝင်ရောက် ထိုးဖောက်ပြီးတော့ တိုက်နေတာ တိုက်ခိုက်နေတာကိုး၊ တိုက်ခိုက်နေတော့ ဒီဖက်က အရှေ့မြောက်ဖက်က TNLA တို့၊ MNDAA တို့နဲ့ ပူးပေါင်းပြီး တော့ ထိုးဖောက်လာတဲ့ PDF တွေကိစ္စကတော့ တရုတ်ကနေတဆင့် ပြောလိုက်တော့ ဟိုအဖွဲ့တွေကလည်း နား ထောင်တယ်၊ နားထောင်ပုံရပါတယ်၊ ပြီးတော့ အဲဒီထဲမှာတော့ တိုက်ပွဲတွေက နည်းနည်းအေးသွားတော့ အေးသွား တာ တွေ့ရတယ်၊ KIA ဖက်ကိုကြတော့ တရုတ်ရဲ့ဟာကို နားမထောင်လို့များ စစ်ရေးနဲ့ ဖိအားပေးသလားပေါ့နော်” ဟု CNI သတင်းဌာနသို့ ပြောသည်။

KIA တပ်ဖွဲ့ကို တွေ့ရစဉ်

KIA သည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)၊ ဒေသခံကာကွယ်ရေးတပ်ဖွဲ့(LDF) တို့ကို စစ်သင်တန်းများပေးခြင်း၊ လက်နက်နှင့် ခဲယမ်းများ ထောက်ပံ့ခြင်း၊ ပူးပေါင်း စစ်ဆင်ရေးများလုပ်ဆောင် ခြင်း၊ လက်နက်ခဲယမ်းများ ရောင်းချပေးခြင်းတို့ လုပ်နေကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က စတင်၍ မြန်မာ့တပ်မတော်နှင့် KIA တို့ နမ့်ဆန်ယန်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို သိရှိနိုင်ရေး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို CNI က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

လက်ရှိတွင် နှစ်ဖက်စစ်ရေး ငြိမ်နေကြောင်း၊ မြန်မာ့တပ်မတော်ဘက်က စစ်အင်အား ဖြည့်လာသည့်အတွက် တိုက်ပွဲ ပိုပြင်းထန်လာမှာကို စိုးရိမ်ကြောင်း ကချင်ပြည်နယ်မှ ဒေသခံတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

KIA ခေါင်းဆောင်တစ်ဦးဖြစ်သူ ဗိုလ်ချုပ်ဂွမ်မော်ကို တွေ့ရစဉ်

၎င်းက “အခုကတော့ နည်းနည်းငြိမ်နေတဲ့ သဘော၊ ငြိမ်နေတဲ့ သဘောဆိုတာက ဗမာစစ်တပ်ဖက်က မတိုးရင် တော့ သူတို့ကတော့ ငြိမ်နေတာပဲ၊ ဒီဖက်က ထိုးစစ်မရှိရင်တော့ ငြိမ်တာပေါ့၊ အဲဒါကြောင့် အများအားဖြင့် သူတို့ အခု ဗန်းမော်က တက်လာတဲ့ဟာရယ်၊ မြစ်ကြီးနားက တက်လာတဲ့ဟာရယ် သူတို့ နည်းနည်း စုပြုံလာပြီးဆိုရင် တော့ တစ်ခါတည်း အလုံးအရင်းနဲ့ တက်လာမလားပေါ့၊ အဲဒါတက်လာပြီဆိုရင် လေယာဉ်ပျံလည်း လာမယ်ထင် တာပဲ၊ ဟိုတနေ့ညကတော့ ဗုံးလာကြဲတယ် ပြောတယ်၊ လောလောဆယ်တော့ KIA ဖက်က ထိုင်ထားတယ်၊ သူတို့ (မြန်မာတပ်မတော်) ကတော့ အောင်ဂျာဆိုတဲ့ဟိုဖက် နမ့်ဆန်ချောင်းရဲ့ ဟိုးဖက်ကမ်းကုန်းပေါ့၊ အဲဒီကုန်းမှာ အရင် ကတည်းက သူတို့ ထိုင်တဲ့ဟာ၊ အဲဒီ အောင်ဂျာမှာကြတော့ ဗမာစစ်တပ်ထိုင်တာ အခု ဗမာစစ်တပ်က အဲဒီဖက်မှာ နည်းနည်းစုနေတာ ထင်တယ်၊ အဲဒီမှာရော လွယ်မောက်ဆိုတဲ့ဟာ အဲဒီမှာ လွယ်မောက်မှာ မနေ့တနေ့က ရွာထိပ် မှာ မိုင်းခွဲလို့ဆိုလား ရွာသွားတွေကိုလည်း အကုန်လုံးစုပြုံပြီးတော့ ခေါ်ထားတယ်လို့ ကြားတယ်” ဟု ပြောသည်။

တိုက်ပွဲများ ဆက်လက် မပြင်းထန်လာရေး နှစ်ဖက် အဖွဲ့အစည်းအနေဖြင့် ညှိနှိုင်းစေလိုကြောင်း၊ ယခင်တိုက်ပွဲ များကြောင့် နေရပ်မပြန်နိုင်သည့် တိုက်ပွဲရှောင်များလည်း ရှိနေသေးကြောင်း အထက်ပါ ဒေသခံက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နမ့်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား– ဗန်းမော် လမ်းမပေါ်တွင် တည်ရှိပြီး KIA ၏ဌာနချုပ်နှင့် အနီးဆုံးကျေးရွာဖြစ်ကြောင်း၊ ၁၀ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။