CNI International News

ဘေဂျင်း၊ ဇူလိုင် ၁၀

နှစ်နိုင်ငံဆက်ဆံရေး တည်ငြိမ်ဖို့ ကြိုးစားမှုအနေနှင့် ဘေဂျင်းသို့ သွားရောက်ခဲ့ရာမှာ အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဂျနတ်ယယ်လင် (Janet Yellen)က တိုးတက်မှုရှိသည်ဟု ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။ 

မစ္စယယ်လင်က လေးရက်တာခရီးစဉ် ပြီးဆုံးချိန်တွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။ 

လေးရက်တာ ခရီးစဉ်အတွင်းမှာ ရာသီဥတု ဖောက်ပြန်မှု အပါအဝင် ပြဿနာ အတော်များများကို ဆွေးနွေးခဲ့ သည်ဟု သူမက ပြောသည်။

ဆွေးနွေးပွဲများမှာ ကွေ့ဝိုက်မနေဘဲ၊ အဓိပ္ပာယ်လည်းရှိသကဲ့သို့ အကျိုးရလဒ်လည်း ရှိသည့်အပြင် နှစ်ဖက်စလုံးက တစ်ယောက်အကြောင်း တစ်ယောက် ပိုသိလာကြသည်ဟုလည်း မစ္စယယ်လင်က ပြောသည်။ 

သို့ရာတွင် အမေရိကန်နှင့် တရုတ်တို့မှာ အရေးကြီးသည့် ကွဲလွဲမှုများ ရှိနေသေးကြောင်းလည်း သူမက ဝန်ခံသည်။ 

“ခရီးတစ်ခေါက်တည်းနဲ့တော့လည်း ပြဿနာအားလုံးကို မဖြေရှင်းနိုင်ဘူးပေါ့” ဟု ၎င်းက ပြောသည်။ 

ဤခရီးစဉ်မှာ တရုတ်စီးပွားရေး အဖွဲ့သစ်နှင့် တာရှည်ခံ အကျိုးဖြစ်ထွန်းမည့် ဆက်သွယ်ရေးလမ်းကြောင်း တည်ဆောက်ရန်အတွက်မူ အထောက်အပံ့ ဖြစ်သည်ဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီးက ပြောသည်။ 

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဂျနတ်ယယ်လင် တရုတ်သို့ရောက်ရှိစဉ်

လတ်တလောနှစ်များတွင် ကန်-တရုတ် ဆက်ဆံရေးမှာ ပျက်ပြားလာခဲ့ရာ ဟောင်ကောင်နှင့် ရှင်းကျန်းမှ လူ့အခွင့် အရေး အခြေအနေများ၊ ထိုင်ဝမ်နှင့် တောင်တရုတ်ပင်လယ်အရေး၊ စက်မှုလုပ်ငန်းများအပေါ် ဘေဂျင်းက တိုး၍ လွှမ်းမိုးလာမှု စသည်တို့မှာ နှစ်နိုင်ငံကို ခွာပြဲစေသည့် ပြဿနာများပင် ဖြစ်သည်။ 

မစ္စယယ်လင်နှင့် တွေ့ဆုံမည့် သူများထဲတွင် တစ်ဦး အပါအဝင်ဖြစ်သည့် တရုတ် ဒုဝန်ကြီးချုပ် ဟီလီဖန်းကမူ ထောင်လှမ်းရေး မီးပုံးပျံကိစ္စ အငြင်းပွားမှုလို ရှောင်တခင် ဖြစ်ရပ်များကြောင့် အမေရိကန်နှင့်ဆက်ဆံရေး ထိခိုက် သွားသည့်အတွက် ဝမ်းနည်းမိကြောင်း ပြောသည်။ 

မစ္စယယ်လင်ကမူ လက်ငင်း မျက်မှောက် ပြဿနာများကို ကျော်လွှားရန်မှာ ပိုမိုကောင်းမွန်သော ဆက်ဆံရေးရှိဖို့ လိုအပ်ကြောင်း၊ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကလည်း ကန်-တရုတ် ဆက်ဆံရေးကို အင်အားပဋိပက္ခဘောင် အတွင်းမှ မကြည့်မြင်ကြောင်း ပြောကြားခဲ့သည်။ 

သူမက “နှစ်နိုင်ငံစလုံး တိုးတက်ဖွံ့ဖြိုး နိုင်လောက်အောင် ကမ္ဘာကြီးက လုံလုံလောက်လောက် ကြီးမားတယ်လို့ ကျမတို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။ 

အမေရိကန်ဘဏ္ဍာရေး ဝန်ကြီး ဂျနတ်ယယ်လင်နဲ့ တရုတ် တွေ့ဆုံ ဆွေးနွေးနေစဉ်

စီးပွားရေးပြိုင်ဆိုင်မှုနှင့် ပတ်သက်၍မူ အမေရိကန်အနေဖြင့် ပွင့်လင်း၊ လွတ်လပ်၊ မျှတသော ကမ္ဘာ့စီးပွားရေး ကိုသာ လိုလား၍ အစိတ်စိတ် အမွှမွှာ ကွဲပြားနေပြီး နိုင်ငံများကို တစ်ဖက်ဖက်သို့ ကပ်စေရန် ဖိအားပေးနေသည့် စီးပွားရေးပုံစံကို မလိုလားကြောင်းလည်း မစ္စယယ်လင်က ပြောကြားခဲ့သည်။ 

နောင်တွင်လည်း တရုတ်နှင့် စီးပွားရေးအပေါ် ထိန်းချုပ်ကန့်သတ်မှုများကို အမျိုးသားလုံခြုံရေးလို အရေးကြီး သည့် ကဏ္ဍများကို ဗဟိုပြု၍ ပွင့်လင်းမြင်သာစွာ လုပ်ဆောင်သွားမည်ဟု မစ္စယယ်လင်က တရုတ်ခရီးစဉ် အတွင်းမှာ ပြောကြားခဲ့သည်။ 

ခရီးစဉ်အစော ပိုင်းရက်များကမူ မစ္စယယ်လင်က ကွန်ပျူတာချိပ်များ ထုတ်လုပ်ရာတွင် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းနှစ်ခု တင်ပို့မှုကို ထိန်းချုပ်မှု အပါအဝင် အမေရိကန်ကုမ္ပဏီများအပေါ် ဘေဂျင်း၏ ကန့်သတ်မှုများကို ဝေဖန်သွားခဲ့သည်။ 

ပြီးခဲ့သည့်နှစ်က ဝါရှင်တန်က တချို့အဆင့်မြင့်သည့် ကွန်ပျူတာချိပ်များကို တရုတ်ဝယ်ယူခွင့်ကို ကန့်သတ်ရန် ကြိုးစားလာခဲ့ပြီးနောက်တွင် တရုတ်ကလည်း အလားတူ ကန့်သတ်လာခဲ့ခြင်းပင် ဖြစ်သည်။ 

Source: BBC