CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၅

စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်တို့ကို ထောက်ပံ့လှုပ်ရှားမှုများအား ထိန်းချုပ်လို၍ ကချင်လွတ်လပ်ရေး တပ်မတော်(KIA)ကို တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့မှ ဒါရိုက်တာ ဦးသိန်းထွန်းဦးက CNI သတင်းဌာနသို့ ပြောသည်။

KIA အနေဖြင့် ပြည်တွင်း တည်ငြိမ်မှု အပိုင်းတွင် အနှောင့်အယှက် လုပ်ဆောင်လာကြောင်း၊ ထို့ကြောင့် မြန်မာ့ တပ်မတော်မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးသိန်းထွန်းဦးက “စစ်ရေးအရ လှုပ်ရှားမှုတွေ များလာတဲ့အတွက် ဆိုလိုတာက တစ်ခါတစ်လေကြ မြန်မာနိုင်ငံမှာ ဖြစ်တဲ့ လက်နက်ကိုင်ပဋိပက္ခကို မီးထိုးတာတွေ များတဲ့နေရာပေါ့၊ အဲဒီနေရာမျိုးတွေကတော့ စစ်ရေးအရ ဖြေရှင်း တဲ့ အပိုင်းတွေမှာ ပါသွားမှာပဲ၊ ရှင်းရှင်းလေးပါ သိပ်တော့ဆန်းလှတဲ့ ကိစ္စတွေ မဟုတ်ပါဘူး။ အဓိက KIA အနေနဲ့ အထက်ပိုင်း စစ်ကိုင်းဒေသနဲ့ နောက်ပိုင်း ချင်းပြည်နယ်ဖက်တွေမှာ သူတို့ရဲ့ ထောက်ပံ့လှုပ်ရှားမှုတွေ အရမ်းများ နေတယ်၊ ဒါတွေကို ထိန်းချုပ်ဖို့အတွက်က လိုအပ်လာတဲ့ အပိုင်းတွေရှိတယ်၊ နောက်တစ်ချက်က သူတို့ကိုယ်တိုင် လည်း စစ်ရေးပိုင်းဆိုင်ရာ လှုပ်ရှားမှုက ပြောရရင် ပြည်တွင်း တည်ငြိမ်မှုအပိုင်းမှာ သိပ်အနှောင့်အယှက် ဖြစ်လာ တဲ့အခါမှာ ဒါမျိုးက ပြန်လည်ဖြေရှင်းတဲ့ သဘောပါပဲ” ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် နမ်ဆန်ယန် နယ်မြေကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များထံ KIA သည် လက်နက်ထောက်ပံ့မှု၊ တင်ပို့ရောင်းချမှု အများအပြား ပြုလုပ်နေကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက်နေ့က စတင်၍ မြန်မာ့တပ်မတော်နှင့် KIA တို့ နမ်ဆန်ယန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။

လက်ရှိအချိန်ထိ နှစ်ဖက်စစ်ရေး တင်းမာနေသလို ဇူလိုင် ၂၁ ရက်ကလည်း နမ်ဆန်ယန်တွင် ဗုံးကြဲတိုက်ခိုက်မှု များ ရှိခဲ့သည်။

တိုက်ပွဲဖြစ်ပွားမှု အခြေအနေများကို သိရှိနိုင်ရေး KIA မှ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကို CNI က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရသေးပေ။

တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု ပြုလုပ်ရာတွင် နမ့်ဆန်ယန်သည် အရေးပါသော အနေအထားတွင် တည်ရှိနေခြင်း ကြောင့် မြန်မာ့တပ်မတော်မှ တိုက်ခိုက်ခြင်း ဖြစ်နိုင်ကြောင်း ကချင်နိုင်ငံရေးသမား ဦးကွမ်ဂေါင်အောင်ခမ်းက CNI သတင်းဌာနသို့ ပြောသည်။

KIA အောက်က PDF ကိုတွေ့ရစဉ်

၎င်းက “စစ်မျက်နှာဖွင့်တာက‌တော့ အချက်အလက်တွေ အများကြီး ရှိပါလိမ့်မယ်၊ တစ်ခုက ပထဝီနိုင်ငံရေးအရ ရော နမ်ဆန်ယန်က အရေးကြီးတဲ့ အနေအထားမှာရှိတယ်၊ ဘာဖြစ်လို့လဲဆိုရင် တရုတ်ပြည်နဲ့ ကုန်သွယ်ရေး လုပ်တဲ့နေရာမှာ အနီးစပ်ဆုံးနေရာ တစ်ခုဖြစ်တယ်၊ နမ်ဆန်ယန်နဲ့ လိုင်ဇာလမ်းကြောင်းက ဒီကနေ တရုတ်ပြည်နဲ့ အနီးစပ်ဆုံးနေရာ တစ်ခုလည်း ဖြစ်တာပေါ့၊ ဒါလည်း တစ်ခုဖြစ်ပါလိမ့်မယ်၊ နောက်တစ်ခုက အဲဒီဒေသမှာ KIA Control area (ထိန်းချုပ်ဧရိယာ) ထဲမှာ ဒီမိုကရေစီဘက်တော်သားတွေ အများကြီးရှိတာပေါ့၊ အဲဒီထဲမှာတော့ အစုံပဲ တိုင်းရင်းသားတွေရော၊ ဗမာလူငယ်တွေရော အကုန်လုံးရှိနေတဲ့ အပိုင်းတွေ ဖြစ်တယ်၊ ဒါကြောင့်လည်း ဒီဟာကို မျက်စိစူးတဲ့ဟာမျိုးလည်း ဖြစ်ပါလိမ့်မယ်၊ နောက်တစ်ခုတော့ ဒီဒေသမှာ သူတို့ ဗမာစစ်တပ်ကပဲ၊ သူတို့ ကပဲ နေရာယူချင်တဲ့ အပိုင်းတွေလည်း ဖြစ်ပါလိမ့်မယ်၊ ဘယ်လိုပဲ ဖြစ်နေဖြစ်နေပေါ့၊ ဒီစစ်တိုက်တဲ့ အပိုင်းကြ တော့ KIA ကလည်း အလျော့ပေးမယ့်ဟာမျိုးတော့ မတွေ့ရဘူးပေါ့ဗျာ၊ သူ့ဆီမှာရှိတဲ့ မဟာမိတ် AA ရှိတယ်၊ တခြား PDF တွေရှိတယ်၊ တခြား ဂေါ်ရခါးတပ်တွေ ရှိတယ်၊ KIA စစ်တပ်တွေ ရှိတယ်၊ ဆိုတော့ တပ်သားတွေက ထောင်နဲ့ချီပြီးတော့ အဲဒီပတ်ဝန်းကျင်မှာတော့ ရှိပါတယ်၊ ဒါကြောင့်လည်း သူတို့က ခိုင်ခန့်တဲ့ ဒီဟာမျိုးတော့ ခုခံ နေတဲ့ ကာကွယ်နေတဲ့ အပိုင်းတွေ ဖြစ်တယ်၊ ဒါကြောင့်လည်း ဒီအနီးအနားမှာရှိတဲ့ နမ်ဆန်ယန်ကို ဗုံးကြဲပြီးမှ တိုက်ခိုက်နေတယ်လို့ပဲ ကျနော်က ဒီလိုပဲ မြင်တယ်” ဟု ပြောသည်။

သို့သော်လည်း KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာကို ဗုံးကြဲတိုက်ခိုက်ရန်မှာ တရုတ်ပြည် နယ်နိမိတ်ဖြင့် အလွန် နီးကပ်နေသောကြောင့် တိုက်ခိုက်ရန် အခြေအနေမျိုး မတွေ့ရကြောင်း ၎င်းက ပြောသည်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော နမ်ဆန်ယန်ကျေးရွာသည် မြစ်ကြီးနား– ဗန်းမော် လမ်းမပေါ်တွင် တည်ရှိပြီး KIA ၏ ဌာနချုပ်နှင့် အနီးဆုံးကျေးရွာဖြစ်ကြောင်း၊ ၁၀ မိုင်ခန့်သာ ကွာဝေးကြောင်း သိရသည်။