CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ 

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)- ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် PDF ပူးပေါင်းတပ်ဖွဲ့တို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေ ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ တိုက်ပွဲသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နောင်ပူအောင်(နောင်ပိုအောင်)စံပြကျေးရွာ အုပ်စု၊ အောင်းပင်ကျေးရွာအနီးမှာ ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အောင်းပင်ကျေးရွာမှ ဒေသခံတစ်ဦးက “ဟုတ်တယ်၊ မနက်ကစပြီး တိုက်ပွဲဖြစ်နေတာ။ SNA နဲ့ KIA-PDF ပူးပေါင်း တပ်ဖွဲ့နဲ့ဖြစ်တာ။ SNA က အောင်းပင်နဲ့ အနီးကပ် လွှာစင်းကုန်းကျေးရွာအဝင်မှာ ရှိနေတာ၊ အဲဒါကို KIA- PDF က လာတိုက်တော့ ဖြစ်ကြတာ။ လွှာစင်းကုန်ကျေးရွာမှာ ရှိတဲ့ SNA ကို တိုက်နိုင်ရင် KIA- PDF က နောင်ပိုအောင်စံပြကျေးရွာတို့ကို ဝင်လို့ရတယ်။ အဲဒီကနေမှ နမ့်တောတို့ ဟုမ္မလင်းမြို့အထိ စစ်ရေးဆက်ပြီး ချဲ့ ထွင်လို့ရတယ်”ဟု ပြောသည်။

ရှမ်းနီအမျိုးသားများတပ်မတော်(SNA)ကို တွေ့ရစဉ်

ထို့နောက် ဗန်းမောက်မြို့နယ်ထဲမှာလည်း SNA နှင့် KIA-PDF ပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေ ကြောင်း ဗန်းမောက်မြို့ဒေသခံများက ပြောသည်။

လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ KIA-PDF ပူးပေါင်းအဖွဲ့သည် စစ်ရေးအရှိန်မြင့်လာသလို ဗန်းမောက် မြို့နယ်၊ ဟုမ္မလင်းမြို့နယ်တို့ကို ထိန်းချုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ 

အဆိုပါ မြို့နယ် ၂ ခုကို KIA-PDF က ထိန်းချုပ်နိုင်ပါက စစ်ကိုင်းတိုင်းဒေသကြီး အလယ်ပိုင်းနှင့် အောက်ပိုင်း အထိ လက်နက်ခဲယမ်း ထောက်ပံ့ရေး လမ်းကြောင်း အားကောင်းလာမည်ဖြစ်ကြောင်း၊ ထိုမှတဆင့် စစ်ကိုင်း တိုင်းဒေသကြီးကို ထိန်းချုပ်လာနိုင်မည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အတွင်း လှုပ်ရှားနေသော PDF တချို့က ပြောသည်။