CNI News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် နောင်ပူအောင်(နောင်ပိုအောင်)စံပြကျေးရွာ အနီးတွင် ရှမ်းနီအမျိုးသား များတပ်မတော် (SNA) နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့ အကြား နှစ်ဖက်စစ်ရေး တင်းမားနေကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ နံနက်ပိုင်းက လွှစင်ကုန်းကျေးရွာတွင် SNA နှင့် KIA၊ PDF တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးတင်းမာနေကြောင်း၊ ထို့အတူ လွှစင်ကုန်းကျေးရွာနှင့် အောင်ပင်ကျေးရွာမှ ဒေသခံများလည်း ဘေးလွတ်ရာသို့ တိမ်းရှောင်ကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

SNA က လွှစင်ကုန်းရွာတွင် တပ်စွဲထားပြီး KIA, PDF များက အောင်ပင်ကျေးရွာ၌ တပ်စွဲထားကြောင်း၊ အချိန်မရွေး တိုက်ပွဲဖြစ်ပွား လာနိုင်သောကြောင်း ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြကြောင်း လွှစင်ကုန်းဒေသခံ တစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

 SNA နဲ့ KIA-PDF ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်တဲ့နေရာကို တွေ့ရစဉ်

၎င်းက “ပြောင်းရတယ်ဆိုတာ အိမ်ထဲမှာ တစ်အိမ်တစ်ယောက်ပဲ နေခိုင်းထားတာ၊ ဟိုဖက်ကလည်း (KIA၊ PDF) ထွက်ခဲ့ကြတာလေ၊ တောထဲကကောင်တွေလည်း PDF တွေကလည်း ထွက်ခဲ့ကြတာ၊ ဒီဖက်က နောင်ပူအောင်က ရှမ်းနီတွေက ဒီဖက်ဝင်လို့ လာနေထားတာလေ၊ လွှစင်ကုန်း ဘုန်းကြီးကျောင်းတောင်ပေါ်မှာ လာနေထားကြတာ၊ လာနေထားကြတော့ လာတွေ့ကြပြီ။ လာတွေ့ကြတော့ လက်နက်ကြီးတွေနဲ့ ထုလို့လေ။ ရွာထဲက လူတွေက နေလို့က အဆင်မပြေတော့ဘူး။ ရှမ်းနီဖက်ကတော့ ဒါပေမဲ့ ထိမှာစိုးလို့ ရှောင်ကြတာပါ့အေး။ ဟိုဖက်တော့ ရွေ့ခိုင်းတာ အောင်ပင်ဖက်တွေက၊ အောင်ပင်ဖက်က PDF တွေ နေထားတာလေ” ဟု ပြောသည်။

လွှစင်ကုန်းကျေးရွာသည် အိမ်ခြေ ၃၀၀ ကျော် ရှိနေသလို အောင်ပင်ကျေးရွာသည်လည်း အိမ်ခြေ ၇၀ ခန့် ရှိ ကြောင်း၊ တိုက်ပွဲကြောင့် နီးစပ်ရာ နောင်ပူအောင်‌စံပြကျေးရွာ၊ မင်းပွဲကျေးရွာ၊ သဖန်းကုန်းကျေးရွာသို့ ပြောင်းရွေ့ နေထိုင်ကြကြောင်း ၎င်းက ပြောသည်။

ထို့အတူ တိုက်ပွဲကြောင့် ကိုယ်လွတ်ရုန်း ပြေးခဲ့ရသောကြောင့် စားနပ်ရိက္ခာများ သယ်ယူချိန်မရခဲ့ဘဲ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံတွေ့နေရကြောင်း သိရသည်။

SNA မှ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းအောင်မိန်းက “သူတို့ဖက်က လာဝိုင်းထားတာပဲ ရှိတယ်၊ ဝိုင်းထား တယ်ဆိုတာ လှုပ်ရှားမှုလည်း ဘာမှ မရှိဘူး။ တစ်ခါတလေကြရင်တော့ အဝေးကနေ လက်ထောက်နဲ့ လာလာ ပစ်တယ်၊ တစ်ချက်လောက်ပစ်လိုက် ထွက်ပြေးသွားလိုက်နဲ့ ဒီလောက်ပဲ ရှိတာပါ၊ ဒီထက် ထူးခြားတာတော့ မရှိဘူး” ဟု ပြောသည်။

ဟုမ္မလင်းမြို့နယ်အတွင်း လှုပ်ရှားနေသည့် HPDF-124 ကိုတွေ့ရစဉ်

SNA နှင့် KIA၊ PDF တို့ ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲဖြစ်ပွားမှု ရှိနေကြောင်း၊ ဗန်းမောက်မြို့နယ်မှတဆင့် ဟုမ္မလင်းမြို့နယ်အတွင်း KIA၊ PDF တို့ ထိုးဖောက်ဝင်ရောက်လိုသော်လည်း လှုပ်ရှား၍ မရသေးကြောင်း၊ နမ့်နန်း-နောင်ပူအောင်လမ်းကြောကို ပိုမိုအားပြု လှုပ်ရှားလာခြင်း ဖြစ်ကြောင်း သိရသည်။

ရှမ်းနီအမျိုးသားများတပ်မတော် (SNA) သည် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပါဝင်နေသည့် မော်လိုက်ခရိုင်၊ ကလေး ခရိုင်၊ ခန္တီးခရိုင်၊ ကသာခရိုင်၊ တမူးခရိုင်နှင့် ကချင်ပြည်နယ်အတွင်း ပါဝင်နေသော ဗန်းမော်ခရိုင်၊ မြစ်ကြီးနားခရိုင်၊ မိုးညှင်းခရိုင်၊ မိုးကောင်း ဒေသတို့ကို စုစည်း၍ ရှမ်းနီပြည်နယ် ပြန်လည်ရရှိရေး ကြိုးပမ်း နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်သည်။