CNI International News

ကာ့ချ် (Kerch)၊ ဇူလိုင် ၁၀

ရုရှား သိမ်းပိုက် ဒေသဖြစ်သည့် ခရိုင်းမီးယားဒေသ၊ ကာ့ချ်မြို့အနီးတွင် ခရုဇ်ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့ရ သည်ဟု ရုရှားခန့်အပ်ထားသည့် အာဏာပိုင်များက ပြောကြောင်း အေပီမှ ဖော်ပြခဲ့သည်။ 

ထို့နောက် ရုရှား သွတ်သွင်းနယ်မြေနှင့် ဆက်ထားသည့် ကာ့ချ်တံတား (Kerch bridge)ကို အခိုက်အတန့် ပိတ်ထား ခဲ့ရသည်။  

ဒုံးကျည်ကို ရုရှားလေတပ်မှ ပစ်ချခဲ့ရာတွင် အထိအခိုက် အပျက်အစီး တစ်စုံတစ်ရာ မရှိခဲ့ဟု မော်စကို(ရုရှား)က ခန့်ထားသည့် ခရိုင်းမီးယားအုပ်ချုပ်ရေးမှူး ဆာဂေး အက်စယိုနော့ (Sergei Aksyonov)က ပြောသည်။

ခရိုင်းမီးယားအုပ်ချုပ်ရေးမှူး ဆာဂေး အက်စယိုနော့ ကိုတွေ့ရစဉ်

အဆိုပါ ဒုံးကျည်အမျိုးအစားနှင့် မည်သည့်နေရာက ပစ်ခတ်သည်ကိုတော့ မပြောကြားခဲ့ပေ။

ထို့နောက် အနီးအနားရှိ ရုရှားဒေသ ရော့စတော့(Rostov)တွင်လည်း ဒုံးကျည်တစ်စင်းကို ပစ်ချခဲ့ရသည်ဟု  ခရိုင်းမီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။ 

ရော့စတော့ဒေသ အုပ်ချုပ်ရေးမှူး ဗက်ဆီလီ ဂူလူဗက် (Vasily Golubev)ကမူ ဒုံးကျည်မှာ ယူကရိန်းဖက်မှ ပစ်ခတ်ခြင်းဖြစ်ပြီး ဒုံးကျည်အစအနများ ကျလာသောကြောင့် အဆောက်အဦတချို့ ခေါင်မိုးများ ပျက်စီးသွားခဲသည်ဟု ပြောသည်။ 

ထိခိုက်သေဆုံးသည့် သတင်းကိုတော့ မကြားသိရဟု ၎င်းက ပြောသည်။ 

ရော့စတော့ဒေသ အုပ်ချုပ်ရေးမှူး ဗက်ဆီလီ ဂူလူဗက် ကိုတွေ့ရစဉ်

ရှေ့တန်းနှင့် ကွာလှမ်းသည့် နယ်စပ် ရုရှားဒေသများတွင် လည်းကောင်း၊ သွတ်သွင်းထားသည့် ခရိုင်းမီးယား ကျွန်းဆွယ်ပေါ်တွင် လည်းကောင်း၊ အလားတူ တိုက်ခိုက်မှုများမှာ ယူကရိန်းစစ်ပွဲအတွင်း မကြာခဏ ဖြစ်ပွားလေ့ ရှိသည်။ 

ယူကရိန်းစစ်ပွဲမှာ ယခုဆိုလျှင် ရက်ပေါင်း ၅၀၀ ကို ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ 

ပေါက်ကွဲမှုများ၊ ဒရုန်းတိုက်ခိုက်မှုများနှင့် နယ်စပ်ဖြတ်ကျော် စီးနင်းမှုများကို ရုရှားဘက်မှ အာဏာပိုင်များက သတင်းထုတ်ပြန် ခဲ့ကြသော်လည်း ကိယက်ဗ်အစိုးရကမူ ထိုတိုက်ခိုက်မှုများမှာ ၎င်းတို့၏ လက်ချက်ဟု ပွင့်ပွင့်လင်းလင်း ပြောကြားခြင်း မရှိပေ။

Source: အေပီ