CNI International News

ကဘူးလ်၊ ဇွန်လ ၂၀

၂၀၂၁ ခုနှစ်၊ သြဂုတ်လ တာလီဘန်တို့ အာဏာလွဲပြောင်း ရယူပြီးချိန်မှစ၍ အာဖဂန်နစ္စတန်တွင် နိုင်ငံခြား လက်နက်ကိုင် အဖွဲ့များနှင့် ပြည်တွင်း လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများမှာ မြင့်တက်လာခဲ့သည်ဆိုသည့် အမေရိကန်စောင့်ကြည့်ရေးအဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်ကို တာဘီလန်တို့က ပယ်ချခဲ့ကြောင်း Al Jazeera သတင်းတွင် ဖော်ပြသည်။ 

SIGAR ၏ ဝါဒဖြန့်ချီမှုများကို ပြင်းပြင်းထန်ထန် ကန့်ကွက်သည်ဟု တာလီဘန်အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဇဘီဟူလာ မူဂျာဟစ် (Zabihullah Mujahid) က ဇွန်လ ၁၈ ရက်နေ့ နှောင်းပိုင်း ထုတ်ပြန်ချက် တစ်စောင်တွင် ပြောသည်။ 

အမေရိကန်နိုင်ငံ၏ အာဖဂန်ပြန်လည် တည်ဆောက်ရေး အထူးစုံစမ်း စစ်ဆေးရေးမှူးချုပ်ကို ရည်ညွှန်း ပြောဆို ခြင်းလည်း ဖြစ်သည်။ 

အာဖဂန်ရှိ အစ္စလာမ္မစ် အစိုးရသည် အခြေအနေ အရပ်ရပ်ကို အပြည့်အဝ ထိန်းချုပ်ထားနိုင်ကြောင်း၊ အာဖဂန်ကို မတည်မငြိမ် ဖြစ်စေရန် သို့မဟုတ် အာဖဂန်မြေကို သုံးကာ တခြားသော နိုင်ငံများကို ဆန့်ကျင်ရန် မည်သည့်အုပ်စု သို့မဟုတ် အဖွဲ့အစည်းကိုမှ ခွင့်ပြုသွားမည် မဟုတ်ကြောင်း မူဂျာဟစ်က ပြောသည်။ 

SIGAR ၏ နောက်ဆုံး ထုတ်ပြန်ချက်တွင် တာလီဘန်အစိုးရသည် လုံခြုံရေးဆိုင်ရာ ပြင်းထန်သော  ပြဿနာများ နှင့် ရင်ဆိုင်နေရသလို နိုင်ငံခြား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပြည်တွင်း ခြိမ်းခြောက်မှုများလည်း မြင့်တက်လာ သည်ဟု မူဂျာဟစ်ကပြောသည်။ 

အမေရိကန်တပ်တွေ အာဖဂန်က ထွက်ခွာနေစဉ်

ထို့ပြင်  တခြားနိုင်ငံများအတွက် အန္တရာယ်ကို ပိုများလာစေသည်ဟုလည်း ဖော်ပြထားကြောင်း မူဂျာဟစ်က ပြောသည်။ 

လက်ရှိတွင် အာဖဂန်သည် နှစ် ၄၀ အတွင်း မဖြစ်ခဲ့ဖူးသော လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ရရှိနေသည်ဟုလည်း ၎င်းက အခိုင်အမာ ပြောသည်။ 

အာဖဂန်တွင် မည်သည့် နိုင်ငံခြား လက်နက်ကိုင် တပ်ဖွဲ့မှ လှုပ်ရှားနေခြင်း မရှိကြောင်း မူဂျာဟစ်က ပြောကာ ISIS အဖွဲ့သည်ပင် ပြိုကွဲမည့် အခြေအနေသို့ပင် ရောက်ရှိနေသည်ဟု ဆိုသည်။ 

အာဖဂန်သည် မည်သူ့အတွက်မှ ခြိမ်းခြောက်မှု မဟုတ်ကြောင်း၊ သို့သော် တစ်ဖက်တွင် အာဖဂန်အစိုးရသည် အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းဖြင့် အပြုသဘောဆောင် ကောင်းမွန်သော ဆက်ဆံရေးများကို တည်ဆောက်ထား လိုကြောင်းလည်း ၎င်းက ပြောသည်။ 

တာလီဘန်များ အာဖဂန်နိုင်ငံအတွင်း လက်နက်ကိုင် သွားလာနေစဉ်

တာလီဘန်များက ၎င်းတို့သည် အာဖဂန်မြေပေါ်တွင် မည်သည့် လက်နက်ကိုင် တပ်ဖွဲ့ကိုမှ လှုပ်ရှားခွင့် မပြုဟူ သော အမေရိကန်နှင့် ၂၀၂၀ ဒိုဟာ သဘောတူညီချက်ကို ဆက်လက် ထိန်းသိမ်း ထားသည်ဟု ပြောသည်။ 

ထိုသဘောတူညီချက်ကြောင့် အာဖဂန်မှ အမေရိကန် ဦးဆောင်သည့် နိုင်ငံခြားတပ်များ ထွက်ခွာခြင်းကိုလည်း ဖြစ်စေခဲ့သည်။

အမေရိကန်တပ်များ ထွက်ခွာမှုကြောင့် အနောက်အုပ်စုမှ ထောက်ခံသော အာဖဂန်အစိုးရနှင့် စစ်တပ်တို့ ပြုတ် ကျကာ တာလီဘန်တို့ ပြန်လည် အာဏာရရှိခဲ့သည်။ 

အမေရိကန်သည် အာဖဂန်အား သံတမန်ရေးဆိုင်ရာ ပိတ်ဆို့မှုများ ထပ်မံပြုလုပ်နေခြင်းဖြင့် ၎င်းတို့ ပေးထားသော ကတိများကို မတည်ဟူ၍လည်း တာလီဘန်များက စွပ်စွဲသည်။ 

Source: Al Jazeera