CNI International News

ဘန်ကောက်၊ ဇွန်လ ၂၁

Move Forward ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ် (Pita Limjaroenrat) အား လွှတ်တော်အမတ်အဖြစ် အရည်အချင်း ပြည့်မှီခြင်း ရှိ/မရှိ ဆုံးဖြတ်ပေးရေး ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တောင်းဆိုပေးရန် ရောင်ခရိုင် လီကစ်ဝပ်တာနာ (Ruangkrai Leekitwattana) က ရွေးကောက်ပွဲကော်မရှင်(EC)ထံ ထပ်မံ တောင်း ဆိုခဲ့သည်ဟု Thai PBS မှ ရေးသားခဲ့သည်။ 

၎င်းသည် ပီတာ၏ ကိစ္စအား အရေးယူပေးရန် ထပ်ခါထပ်ခါ တောင်းဆိုခဲ့သူဖြစ်ပြီး ယခုတစ်ကြိမ်တွင်လည်း ပီတာ ဝန်ကြီးချုပ် ဖြစ်လာခြင်းကို တားဆီးရန် နောက်တစ်ကြိမ် ထပ်မံ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ 

အောက်လွှတ်တော်၏ အမတ် ၅၀၀ လုံးကို EC က အတည်ပြု ပေးခဲ့ပြီးချိန်တွင် ရောင်ခရိုင်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၏ ပုဒ်မ ၉၈ ကို ကိုးကားကာ ထိုသို့ ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။ 

မီဒီယာကုမ္ပဏီ တစ်ခုတွင် ရှယ်ယာ ပိုင်ဆိုင်ခြင်းနှင့် ပတ်သက်၍ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်း တစ်ဦး၏ အရည်အချင်း ပြည့်မှီမှုနှင့်ပတ်သက်၍ သံသယဖြစ်ခဲ့မည်ဆိုလျှင် EC အနေဖြင့် ထိုကိစ္စကို စုံစမ်းစစ်ဆေးပေးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးကို တောင်းဆိုခွင့် ရှိသည်ဟု ပုဒ်မ ၉၈ တွင် ဖော်ပြထားသည်။ 

iTV နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တင်ဖို့လာတဲ့ ရောင်ခရိုင် လီကစ်ဝပ်တာနာကိုတွေ့ရစဉ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၂ အရလည်း လွှတ်တော်အမတ်များ၏ ၁၀ ပုံ ၁ ပုံက ပီတာ၏ အရည်အချင်း ပြည့်မှီ မှုကို စဉ်းစားပေးရေး ၎င်းတို့၏ တင်ပြချက်ကို ဖွဲ့စည်းပုံတရားရုံးသို့ တင်ရေး လွှတ်တော် သို့မဟုတ် လွှတ်တော် ဥက္ကဋ္ဌကို တောင်းဆိုခွင့် ရှိသည်ဟုလည်း ၎င်းက ပြောသည်။ 

ဖွဲ့စည်းပုံတရားရုံး အနေဖြင့် ယင်းကို လက်ခံမည်ဆိုလျှင် ပီတာအား တရားရုံးအမိန့် မချမချင်း လွှတ်တော်အမတ် အဖြစ် ဆောင်ရွက်နေခြင်းကို တားဆီးနိုင်ရန် အမိန့်ချမှတ် နိုင်သည်ဟုလည်း ရောင်ခရိုင်က ပြောသည်။

ပီတာသည် ရွေးကောက်ပွဲကာလတွင် မီဒီယာကုမ္ပဏီအဖြစ် စွပ်စွဲခံထားရသော iTV ကုမ္ပဏီ၌ ရှယ်ယာ ၄၂၀၀၀ ပိုင်ဆိုင်ထားသည်ဟု သတင်းများမှာ ဖော်ပြခံထားရသည်။ 

လွန်ခဲ့သော ၁၇ နှစ်တွင် ကွယ်လွန်သွားသည့် ဖခင်ဖြစ်သူထံမှ အမွေဆက်ခံရရှိထားခြင်း ဖြစ်သည်။

သို့သော် ပီတာသည် ထိုရှယ်ယာများကို တခြား အမွေဆက်ခံသူများထံသို့ လွဲပြောင်းပေးခဲ့ပြီးလည်း ဖြစ်သည်။

Source: Thai PBS