CNI International News

အစ္စလာမ္မာဘတ်၊ မေလ ၈

လုံခြုံရေးနှင့် အကြမ်းဖက်မှု တန်ပြန်ရေးတို့တွင် သုံးပွင့်ဆိုင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားရန် တရုတ်၊ အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့က ကတိပြုခဲ့သည်ဟု Al Jazeera သတင်းတွင် ဖော်ပြထားသည်။

အစ္စလာမ္မာဘတ်တွင် သုံးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံခဲ့ပြီးနောက် ထိုသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

တနင်္ဂနွေနေ့တွင် ဝန်ကြီးသုံးဦးသည် ဆက်ဆံရေးကောင်းကို ထိန်းသိမ်းရန်၊ နိုင်ငံရေးအရ အပြန်အလှန် ယုံကြည်မှု ကို ခိုင်မာစေရန်၊ အချုပ်အခြာအာဏာကို လေးစားမှုရှိရန်၊ မတူကွဲပြားမှုနှင့် အငြင်းပွားမှုများကို မျှတစွာ ဆွေးနွေး ညှိနှိုင်းခြင်းဖြင့် ဖြေရှင်းရန် သဘောတူခဲ့သည်။

၂၀၂၁ ခုနှစ် အမေရိကန်များ ထွက်ခွာသွားပြီးနောက် အာဖဂန်တွင် တာလီဘန်များက အာဏာလွှဲပြောင်း ရယူခဲ့ သည်။

ထိုအချိန်မှစ၍ နိုင်ငံသည် နိုင်ငံတကာ၏ အရေးယူမှုများကြောင့် စီးပွားရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ ပဋိပက္ခများနှင့် ရင်ဆိုင်ခဲ့ရသည်။

ထို့ကြောင့် တာလီဘန်အစိုးရသည် ၎င်းတို့၏ ကြေးနီးနှင့် လစ်သီယမ် ကဲ့သို့သော တွင်းထွက်လုပ်ငန်းများတွင် တရုတ်၏ ရင်းနှီးမြုပ်နှံမှုကို ရရှိရန် မျှော်လင့်ခဲ့သည်။

ပါကစ္စတန်နဲ့ တာလီဘန်နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

ကုလလုံခြုံရေးကောင်စီ၏ ခရီးသွားလာခွင့် ပိတ်ခံထားရသော်လည်း ပါကစ္စတန်သို့ လာရန် ကင်းလွတ်ခွင့် ရခဲ့သော တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အေမာခန်း မတ်တာကွီ (Amir Khan Muttaqi) သည် တရုတ်ဝန်ကြီး ကျင်ဂန်း (Qin Gang) နှင့် တွေ့ဆုံခဲ့သည်။

၎င်းသည် ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး ဘီလာဝယ်လ် ဘူတို ဇာဒါရီ (Bilawal Bhutto Zardari) နှင့်လည်း ဆွေးနွေးသွားမည် ဖြစ်သည်။

တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြန်ဖြင့် တရုတ်သည် ပါကစ္စတန်တွင် ဘီလီယံပေါင်းများစွာ ရင်းနှီးမြုပ်နှံထား သည်။

တရုတ်နိုင်ငံခြားရေးဌာန အနေဖြင့် အာဖဂန်တွင် ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိပုံရကာ ပြီးခဲ့သည့် လက Belt and Road စီမံကိန်း၌ အာဖဂန်ပူးပေါင်း ပါဝင်လာခြင်းကို ကြိုဆိုကြောင်း ပြောဆိုခဲ့သည်။

တရုတ်အနေဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု၊ လုံခြုံရေးနှင့် ယဉ်ကျေးမှု လုပ်ငန်းစဉ်များကို အကောင် အထည်ဖော်ရေး အာဖဂန်၊ ပါကစ္စတန်တို့နှင့် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့်ရှိသည်ဟု ကျင်က ပြောသည်။

 တရုတ်နဲ့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးကို တွေ့ရစဉ်

သုံးနိုင်ငံသည် အကြမ်းဖက်မှု တန်ပြန်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန်လည်း ကတိပြုခဲ့ကြ သည်။

တာလီဘန် ဦးဆောင်သည့် အာဖဂန်အစိုးရကို အကြမ်းဖက် အဖွဲ့များအား တန်ပြန်ရေး လုပ်နိုင်စွမ်းကို မြှင့်တင် ပေးသွားလိုသည်ဟုလည်း တရုတ်နှင့်ပါစ္စတန်တို့က ပြောသည်။

အာဖဂန်နှင့် ပါကစ္စတန်တို့ရှိ တာလီဘန် အဖွဲ့များသည် သီးခြားစီဖြစ်သော်လည်း သဘောတရားပိုင်း တူညီမှုရှိ သည်။

ပါကစ္စတန်ရှိ တာလီဘန်အဖွဲ့ (TTP) က မကြာခဏဆိုသလို တိုက်ခိုက်မှု လုပ်ဆောင်လေ့ ရှိသည်။ တရုတ်အနေ ဖြင့် အာဖဂန်တွင် ရင်းနှီးမြုပ်နှံမှု လုပ်ဆောင်ရန် စိတ်ဝင်စားမှု ရှိသော်လည်း အာဖဂန်နိုင်ငံတွင်း ယခုထက် ပိုမို ကောင်းမွန်သော လုံခြုံရေး အခြေအနေ ရရှိရန် အလိုရှိနေသည်။

Source: Aljazeera