CNI International News

ဒိုဟာ၊ မေလ ၂

တာလီဘန်များကို ဖိတ်ကြားခြင်းမရှိဘဲ အာဖဂန်အရေးနှင့် ပတ်သက်သည့် ညီလာခံတစ်ရပ်အား ကာတာနိုင်ငံ၏ မြို့တော် ဒိုဟာ (Doha) တွင် ကုလသမဂ္ဂအဖွဲ့က ဦးဆောင် ကျင်းပခဲ့သည်ဟု Al Jazeera သတင်း၌ ဖော်ပြသည်။

၎င်းတို့ ပါဝင်ခြင်းမရှိသော အာဖဂန်အရေး ဆွေးနွေးပွဲသည် မည်သည့် အကျိုးရလဒ်မှ ဖြစ်ထွန်းလိမ့်မည် မဟုတ်ဟုလည်း တာလီဘန်များက ပြောသည်။

အမေရိကန်၊ တရုတ်၊ ရုရှားတို့အပြင် ဥရောပမှ အလှူရှင်နိုင်ငံများနှင့် ပါကစ္စတန်ကဲ့သို့ အိမ်နီးချင်းနိုင်ငံများ ပါဝင်သော နိုင်ငံပေါင်း ၂၅ နိုင်ငံခန့်မှ ကိုယ်စားလှယ်များသည် ကာတာမြို့တော်တွင် တနင်္လာနေ့မှ စတင်၍ နှစ်ရက် ကြာ တံခါးပိတ် အစည်းအဝေးကို ကျင်းပခဲ့သည်။

ထိုအစည်းအဝေးကို ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်(Antioni Guterres)က ဦးဆောင်သည်။

အာဖဂန်အစိုးရ မပါဝင်သည့် အာဖဂန်အရေး ဆွေးနွေးပွဲတိုင်းသည် ထိရောက်မှုနှင့် တွင်ကျယ်မှု ရှိမည်မဟုတ်ဟု တာလီဘန်နိုင်ငံခြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် အဘ်ဒဲလ် ကာဟာဘယ်လ်ခီ (Abdul Qahar Balkhi) က ပြောသည်။

အာဖဂန်၏ ဆိုးရွားသော လူသားချင်းစာနာမှု အခြေအနေနှင့် နိုင်ငံတကာ ပိတ်ဆို့မှုများအတွက် ဆွေးနွေးမည့် အစည်းအဝေးသို့ တာလီဘန်များကို ဖိတ်ခေါ်မည် မဟုတ်ကြောင်း ကုလအရာရှိတစ်ဦးက ပြီးခဲ့သည့် သီတင်းပတ် တွင် ပြောခဲ့သည်။

ကုလအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကိုတွေ့ရစဉ်

တာလီဘန်များအား အသိအမှတ်ပြုရေးသည်လည်း အစည်းအဝေး အစီအစဉ်များတွင် မပါဝင်ဟု ကုသ သတင်းအရင်းအမြစ် တစ်ခုက ပြောသည်။

ကုလ၏ ဒုတိယအတွင်းရေးမှူးချုပ်၏ ပြောစကားကြောင့် တာလီဘန်များ သတ်မှတ်သကဲ့သို့ အာဖဂန်အစ္စလာမ္မစ် စော်ဘွားများနိုင်ငံ (IEA) အစိုးရအဖြစ် တရားဝင် သတ်မှတ်မည်ကို ပြည်ပရောက် အာဖဂန်များနှင့် အနောက် နိုင်ငံများဘက်က စိုးရိမ်မှုများ ရှိနေချိန်တွင် ထိုသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

တာလီဘန်များ၏ အမျိုးသမီး အခွင့်အရေးအပေါ် ကိုင်တွယ်မှု မှတ်တမ်းများကြောင့် ယင်းတို့နှင့် တရားဝင် ဆက်ဆံရေး စတင်ရန် စဉ်စားနေသော နိုင်ငံများကို ကန့်ကွက်ရှုတ်ချသည်ဟု အာဖဂန်အမျိုးသမီး အခွင့်အရေးဆိုင်ရာ ညွှန့်ပေါင်းအဖွဲ့တစ်ခုက တနင်္ဂနွေနေ့တွင် ထုတ်ပြန် ပြောဆိုခဲ့သည်။

တာလီဘန်များ၏ အမျိုးသမီးများအပေါ် ဆက်ဆံပုံကို လက်ခံနိုင်စရာ မရှိကြောင်း၊ ပြီးခဲ့သည့် နှစ်များတွင် ရရှိထားသည့် တိုးတက်မှုများကို မမေ့ဘဲ အာဖဂန်ရှိ အမျိုးသမီးအခွင့်အရေးအတွက် ဆက်လက် တိုက်ပွဲဝင် သွားရမည် ဖြစ်ကြောင်း ထင်ရှားသည့် အာဖဂန်နိုင်ငံရေးသမားတစ်ဦးဖြစ်သူက ပြောသည်။

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့ကိုတွေ့ရစဉ်

အမျိုးသမီးများ၏ ပညာရေးနှင့် အလုပ်လုပ်ကိုင်ခွင့်တို့အပေါ် ပိတ်ပင်မှု အပါအဝင် အမျိုးသမီးများအပေါ် ကန့်သတ်မှုများ မြင့်တက်လာခြင်းအတွက် တာလီဘန်များသည် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။

ဒိုဟာ ဆွေးနွေးပွဲသည် အာဖဂန်များအား အသိအမှတ်ပြုရေးအတွက် ကနဦး ခြေလှမ်းများကို ဖြစ်စေနိုင်သည်ဟု ကုလ၏ ဒုတိယအတွင်းရေးမှူးက ဧပြီ ၂၄ ရက်တွင် ပြောခဲ့သည်။ ထိုပြောစကားသည် နားလည်မှု လွဲခြင်းသာ ဖြစ်သည်ဟု ကုလဘက်က ပြန်လည်ဖြေရှင်းခဲ့ရသည်။

လက်ရှိ အချိန်အထိ တာလီဘန် အစိုးရအား မည်သည့်နိုင်ငံကမှ တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးပေ။

ဆွေးနွေးပွဲတွင် IEA ကိုယ်စားလှယ်များကို မဖိတ်ခေါ်ခြင်းက ခွဲခြားမှု၊ မတရားမှုသာဖြစ်သည်ဟု ကုလဆိုင်ရာ တာလီဘန် ကိုယ်စားလှယ်က ပြောသည်။

အာဖဂန်မှ ပြဿနာများကို လက်တွေ့ဆန်သော ချဉ်းကပ်မှု၊ IEA ၏ ပါဝင်မှုဖြင့်သာ ဖြေရှင်းနိုင်သည်ဟုလည်း ၎င်းက ပြောသည်။

Source: Aljazeera