CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၀

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခကို ဖြေရှင်းရန် မြန်မာ့တပ်မတော်တွင် တာဝန်အရှိ ဆုံးဖြစ်ကြောင်း ပြည်သူ့ပါတီ(PP)ဥက္ကဋ္ဌ ဦးကိုကိုကြီးက CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နိုင်ငံတော်အာဏာကို ရယူထားသည့် တပ်မတော်အနေဖြင့် နိုင်ငံရေးပြဿနာအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်သည်ဆိုသော အခြေအနေကို မြင်သာအောင်ပြသရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

ဦးကိုကိုကြီးက “အဓိက-ကတော့လေ လက်ရှိ နိုင်ငံတော်အာဏာကို ရယူကျင့်သုံးနေတဲ့ အဖွဲ့ကတော့ ပြောရရင် တပ်မတော်ကတော့ တာဝန်အရှိဆုံးပဲပေါ့၊ သူက ဒီပြဿနာတွေရဲ့ အခြေခံက နိုင်ငံရေး ပြဿနာဖြစ်တယ်၊ ဒါကို နိုင်ငံရေးနည်းလမ်းနဲ့ လက်နက်မကိုင်ဘဲနဲ့ နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်မယ့် သိသာထင်ရှားတဲ့ ပြောင်းလဲ တိုးတက်မှုတွေ ဖြစ်မယ်ဆိုတာကို မြင်သာထင်သာအောင် ပြသနိုင်ဖို့ လိုတယ်လို့ မြင်တယ်။ အဲဒါမှာ ကျနော်တို့ အကုန်လုံးကို မဖြေရှင်းနိုင်ပေမယ့်လို့ ပြည်သူတွေကြားထဲမှာပါ လက်နက်ကိုင် လှုပ်ရှားမှုထက်စာရင် နိုင်ငံရေး အရ မျှော်လင့်ချက်ရှိတဲ့ အဖြေထွက်နိုင်မယ် ဆိုတာမျိုးကို ယုံကြည်လာအောင် လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဒါကြောင့်မို့လို့ အဓိက-ကတော့ တပ်မတော်ရဲ့ နိုင်ငံရေးဆန္ဒ အဲဒါက အရေးကြီးတယ်၊ အကြမ်းဖက် လှုပ်ရှားမှု တွေနဲ့ ပတ်သက်လို့ကတော့ ကျနော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေးနည်းလမ်းကို ရွေးပြီးဖြစ်တဲ့ အတွက်ကြောင့် နိုင်ငံရေးပါတီတွေ နောက်တစ်ခါ လက်ရှိ နစကနဲ့ ထိတွေ့ဆွေးနွေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ အစည်းတွေ နောက် NCA မထိုးသေးတဲ့ အဖွဲ့အစည်းတွေ အဲဒီအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု ကနေတဆင့် သိသာမြင်သာတဲ့ ပြောင်းလဲတိုးတက်မှုကို ပြသနိုင်ဖို့က အရေးကြီးတယ်၊ တဖြည်းဖြည်းနဲ့မှ အားလုံး ပါဝင်တဲ့ နိုင်ငံရေးဖြေရှင်းမှု ဖြစ်လာအောင် ကြိုးစားသင့်တယ်လို့ မြင်ပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ဒီမိုကရေစီအရေးတောင်းဆိုနေကြစဉ်

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင် မြန်မာ့တပ်မ‌တော်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရကို ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲစာရင်း အငြင်းပွားမှုအား မဖြေရှင်းဘဲ အစိုးရဖွဲ့စည်းရေး ကြိုးပမ်းသည်ဟုဆိုကာ ဖြုတ်ချ၍ နိုင်ငံတော်ကို အရေးပေါ် ကြေညာထားသည်။

ထို့နောက် တပ်မတော်အား ပြန်လည်ဖြုတ်ချနိုင်ရေး ဒီမိုကရေစီအင်အားစုများမှ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲလျက်ရှိသည်။

လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးမှာ ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ အားလုံး ပါဝင်သော တွေ့ဆုံဆွေးနွေးမှုဖြစ်မှသာ ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင် အဖွဲ့(PPST)မှ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးစောကျော်ညွန့်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အရင်တုန်းက ကျနော်တို့ ကြုံခဲ့ဖူးတဲ့ နိုင်ငံရေး အကျပ်အတည်းတွေနဲ့ စာလိုက်လို့ရှိရင် ဒီတစ်ကြိမ်က တော့ အင်မတန်မှ ခက်ခဲ၊ နက်နဲကျယ်ပြန့်တဲ့ အခင်းအကျင်းတစ်ခုလို့ ပြောလို့ရတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲ ခက်ခက် ဘယ်လောက်ပဲ အကျပ်အတည်း ရှိနေပါစေ၊ ဘယ်လောက်ပဲ စိန်ခေါ်မှုတွေ ရှေ့မှာ ရှိနေပါစေ၊ ကျနော်တို့ နားလည်တာက ဒါနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာတဲ့ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ ပြဿနာတွေလို့ အဲဒီလိုပဲ ခံယူ တယ်၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ ဖြေရှင်းခြင်း နည်းကသာလျှင် နိုင်ငံတကာရဲ့ လက်ရှိ အခင်းအကျင်း အရသော်လည်းကောင်း အတွေ့အကြုံ ဖြတ်သန်းမှု အရသော်လည်းကောင်း ကျနော်တို့ ပြည်ထောင်စုအတွက် ထိခိုက်နစ်နာမှု အနည်းဆုံးနဲ့ ကျော်ဖြတ်နိုင်မယ့် နည်းလမ်းတစ်ခုလို့ ကျနော်တို့ နားလည် တဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ အရင်တုန်းကလည်း သဘောတူခဲ့ပြီးသား အကုန်လုံးပါပဲ” ဟု ပြောသည်။

လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ကိုတွေ့ရစဉ်

လက်ရှိ အနေအထားအရ အားလုံးပါဝင်သည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ဖြစ်ပေါ်လာရန် အခက် အခဲများ ရှိနေကြောင်း သို့သော်လည်း ပြည်ထောင်စုအကျိုးကို ရှေ့ရှုပြီး အားလုံးဝိုင်းဝန်း လုပ်ဆောင်ကြရန် လိုအပ်ကြောင်း ၎င်းက ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီအတွင်း ပြောင်းလဲခဲ့သည့် နိုင်ငံရေး ပဋိပက္ခများကြောင့် နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်‌ပေါ်နေသည်။ ထိုလက်နက်ကိုင် ပဋိပက္ခကြောင့် တိုင်းပြည်၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသော ကဏ္ဍများမှာလည်း အဖက်ဖက်က ယိုယွင်းကျဆင်း လျက်ရှိနေသည်။

အဆိုပါ ကိစ္စရပ်များအား ဖြေရှင်းနိုင်ရေး ပြည်တွင်းရှိ အဖွဲ့အစည်းအချို့၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများက ဖြေရှင်းနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။