CNI International News

မင့်ခ်၊ မေလ ၂၆

အမေရိကန်နိုင်ငံသည် အာဖဂန်နစ္စတန်ရှိ တရားမဝင် လက်နက်ကိုင် အဖွဲ့များ၏ အလားအလာကို အသုံးချကာ ဒေသတွင်း အခြေအနေများကို မတည်မငြိမ် ဖြစ်စေရန် ရည်ရွယ်ချက် ရှိနေသည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး ဆာချီရှိုဂူ (Sergey Shoigu) က မေလ ၂၅ ရက်နေ့တွင် ပြောခဲ့သည်ဟု တာ့စ်သတင်းမှ ဖော်ပြခဲ့သည်။

မင့်ခ်မြို့တွင် ပြုလုပ်ခဲ့သော CSTO ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ထိုသို့ ပြောခဲ့ခြင်း ဖြစ်သည်။

အာဖဂန်သည် မတည်ငြိမ်မှုများ ထူပြောရာ အရပ်အဖြစ် ဆက်ရှိနေဆဲဖြစ်ကြောင်း၊ အဓိကခြိမ်းခြောက်မှုများမှာ တာလီဘန်များ အာဏာရရှိပြီးနောက် နိုင်ငံတွင်း အားကောင်းလာသော တရားမဝင် လက်နက်ကိုင်အဖွဲ့များထံမှ ဖြစ်ကြောင်း၊ အမေရိကန်သည် ထိုသို့သော အကြမ်းဖက် အဖွဲ့များ၏ အလားအလာကို အသုံးချကာ ဒေသတွင်း မတည်ငြိမ်မှု ဖြစ်အောင် လုပ်ဆောင်ရန် ရည်ရွယ်ထားသည်ဟု ယုံကြည်ကြောင်း ရှိုဂူက ပြောသည်။

ထိုရည်ရွယ်ချက်ကြောင့် အရှေ့အလယ်ပိုင်းရှိ ၎င်းတို့ ထိန်းချုပ်ထားရာ အဖွဲ့များမှာ တိုက်ခိုက်ရေးသမားများကို အာဖဂန်သို့ ပြန်လည် ပို့ဆောင်ရန် လုပ်ဆောင်လျက် ရှိကြောင်းလည်း ၎င်းက ပြောခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီး ဆာချီရှိုဂူကိုတွေ့ရစဉ်

ထိုတိုက်ခိုက်ရေး သမားများသည် အနာဂတ်တွင် အိမ်နီးချင်းနိုင်ငံများသို့ပါ စိမ့်ဝင်၍ အကြမ်းဖက်မှုများ လုပ်ဆောင်လာနိုင်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးက သုံးသပ်ကာ ထိုသို့သော အခြေအနေများအတွက် အာဖဂန်အရေးနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရန်၊ ပူးတွဲလေ့ကျင့်မှုများကို အာရုံစိုက် ဆောင်ရွက်ရန် အရေးကြီးသည်ဟု ယူဆကြောင်းလည်း မှတ်ချက်ပြုခဲ့သည်။

နေတိုးအဖွဲ့သည်လည်း ၎င်းတို့၏ တပ်များ အာဖဂန်မှ ထွက်ခွာချိန်တွင် အာဖဂန်၏ ပြန်လည်ထူထောင်ရေးကို လုပ်ဆောင်ရမည့်အစား ဗဟိုအာရှဒေသတွင် ယင်း၏ စစ်အင်အားကို ထိန်းသိမ်းနိုင်ရန်အတွက် နည်းလမ်းပေါင်းစုံ ကို အသုံးပြုနေသည်ဟု ရှိုဂူက ပြောသည်။

ထိုအချက်သည် အာဖဂန်၏ တည်ငြိမ်မှု အတွက်သာမက CSTO ၏ ဖြစ်တည်မှုအတွက် တိုက်ရိုက်ခြိမ်းခြောက်မှု ဖြစ်သည်ဟု ယုံကြည်ကြောင်းလည်း ရုရှားဝန်ကြီးက ပြောသည်။

Source: တာ့စ်