CNI International News

ဝါရှင်တန်၊ ဇွန်လ ၁၅

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်(Antony Blinken)သည် နှစ်နိုင်ငံဆက်ဆံရေး တင်းမာနေ ချိန်မှာပဲ တရုတ်နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။

အဆိုပါ ကြုံတောင့်ကြုံခဲ တရုတ်ခရီးစဉ်အတွင်း မှားယွင်းတွက်ချက်မှု ဖြစ်စေနိုင်သည့် အခြေအနေများကို လျှော့ချသွားရန် ကြိုးပမ်းသွားမည်ဟု အမေရိကန်အရာရှိများက ပြောကြောင်း CNA သတင်းတွင် ဖော်ပြသည်။

သို့သော် ကာလရှည် တင်းမာမှုများမှာ ပိုမိုဆိုးရွားလာမည်ဟုလည်း နှစ်ဖက်စလုံးက မှတ်ယူထားသည်။ 

ဘလင်ကင်သည် လာမည့် သီတင်းပတ်မှာ ငါးနှစ်အတွင်း ပထမဆုံးသော အမေရိကန်ထိပ်တန်းသံတမန် တစ်ဦး၏ တရုတ်ခရီးစဉ်အဖြစ် ဘေဂျင်းသို့ သွားမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပေးသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလက တရုတ်၏ ထောက်လှမ်းရေး မိုးပျံပူဖောင်း တစ်လုံးကြောင့် ဖျက်သိမ်းလိုက်ရသည့် ခရီးစဉ်အား ပြန်လည် စီစဉ်ခြင်းလည်း ဖြစ်သည်။ 

ခရီးစဉ်မတိုင်ခင် ဘလင်ကင်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်(Qin Gang) အား ဖုန်းဖြင့် ဆက်သွယ်ခဲ့ကာ နှစ်နိုင်ငံဆက်ဆံရေးကို ကောင်းမွန်စွာ စီမံနိုင်ရေးအတွက် ဆက်သွယ်ရေးလမ်းကြောင်းများ  ဖွင့်လှစ် ထားလျက်ရှိ သည့်အတိုင်း ထိန်းသိမ်းထားရန် ပြောဆိုခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မက်သရူး မီလာ(Matthew Miller)က ပြောသည်။ 

ကမ္ဘာ့အင်အား အကြီးမားဆုံး စီးပွားရေးပိုင်ရှင် နှစ်နိုင်ငံအကြား ထိုင်ဝမ်အရေး၊ လူ့အခွင့်အရေးနှင့် တခြားသော အကြောင်းအရာများကြောင့် ဆက်ဆံရေးမှာ ဆိုးရွားလျက် ရှိသည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဘလင်ကင်ကို တွေ့ရစဉ်

အမေရိကန်သည် ဘလင်ကင်၏ ခရီးစဉ်တွင် မည်သည့် အရာများ အောင်မြင်မှု ရှိနိုင်သည်နှင့် ပတ်သက်၍ အရှိ တရားကို လက်ခံထားသည်ဟု အရှေ့အာရှဆိုင်ရာ ထိပ်တန်းအရာရှိ တစ်ဦးဖြစ်သူ ဒယ်နီယယ် ခရစ္စတန်ဘရင့် (Daniel Kritenbrink)က ပြောသည်။ 

မတင်မကျ အခြေအနေအား ချိုးဖျက်နိုင်ခြင်း၊ ပြုပြင်ပြောင်းလဲနိုင်ခြင်း စသည့် ရည်ရွယ်ချက်မျိုးဖြင့် တရုတ်သို့ သွားရောက်ခြင်း မဟုတ်ဟုလည်း ၎င်းက ပြောသည်။ 

ထိုအစား ဘလင်ကင်သည် အတတ်နိုင်ဆုံး တာဝန်ရှိမှု အရှိဆုံး နည်းလမ်းဖြင့် ပြိုင်ဆိုင်မှုအား စီမံခန့်ခွဲနိုင်ရန် ဆန္ဒဖြင့် သွားရောက်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။ 

ဘလင်ကင်၏ ခရီးစဉ်သည် အနည်းဆုံးအားဖြင့် ထိပ်တိုက် တွေ့ဆုံမှုကို ရှောင်လွှား နိုင်စေသည့် မှားယွင်း တွက်ချက်မှုမျိုးကို လျှော့ချနိုင်စေရန် အမေရိကန်ဘက်က ရည်ရွယ်ထားသည်။ 

တရုတ်နိုင်ငံခြားရေးဝန်ကြီးကျင်ဂန်ကိုတွေ့ရစဉ် 

အမေရိကန်သမ္မတ ဘိုင်ဒန် ကိုယ်တိုင်က ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်မှုကို အာရုံစိုက် ဆောင်ရွက်နေ သည့်တိုင် အမေရိကန်မှ မူဝါဒရေးရာ ချမှတ်သူများသည် တရုတ်အား နိုင်ငံအတွက် အကြီးမားဆုံးသော ပြိုင်ဘက် အဖြစ် ရှုမြင်ထားသည်။ 

တစ်ဖက်တွင်လည်း တရုတ်သည် ဘလင်ကင်အား ဖိတ်ကြားမှုကို ဆက်လက် တိုးမြှင့်လိုက်သည့်တိုင် အမေရိကန် နှင့်ပတ်သက်၍ တင်းမာသော သဘောထားကို ဆက်လက်ထားရှိကာ နှစ်နိုင်ငံကြား ဆက်ဆံရေးတွင် ယခုနှစ်အစ ပိုင်းမှ စတင်၍ အခက်အခဲများနှင့် စိန်ခေါ်မှုသစ်များ ပေါ်ပေါက်ခဲ့သည်ဟု ကျင်ဂန်က ပြောသည်။

ထိုအတွက် မည်သူ့တွင် တာဝန်ရှိသလဲ ဆိုသည်မှာ ရှင်းလင်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ပြောကာ တရုတ်သည် နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းမှု စသည့် နည်းလမ်းများနှင့်အညီ ရှုမြင်၊ စီမံ ဆောင်ရွက်လျက် ရှိသည်ဟု ပြော သည်။ 

Source: CNA