CNI International News

ဘန်ကောက်၊ မေလ ၂၇

မေလ ၁၄ ရက်နေ့က ထိုင်းအထွေထွေရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် Move Forward ပါတီ (MFP) သည် ၎င်းတို့၏ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမြင်ကို ထုတ်ဖော်ဖွင့်ဟခဲ့သည်ဟု Thai BPS World သတင်းတွင် ဖော်ပြသည်။

ယင်းက ပိုမိုကျယ်ပြန့်သော နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ရန်၊ လူ့အခွင့်အရေးကို မြှင့်တင်ရန် နှင့် ဒေသတွင်းစိန်ခေါ်မှုများကို ဖြေရှင်းရန် ရည်ရွယ်သည်။

ပို၍ပွင့်လင်းကာ အားလုံးပါဝင်မှုရှိသော ချဉ်းကပ်မှုတစ်ခုဟု ဆိုသည့် ပေးထားသော ကတိစကားအရ ပါတီသည် ကမ္ဘာလုံးဆိုင်ရာ မျက်နှာစာတွင် ထိုင်းနိုင်ငံ၏ အခြေအနေကို မြှင့်တင်ရန်၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ အရေး ကိစ္စများတွင် အပြုသဘောဆောင်ကာ ပါဝင်ဆောင်ရွက်ရန် ရည်မှန်းထားသည်။

ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုရန်ရတ်(Pita Limjaroenrat) က ပါတီ၏ နိုင်ငံခြားရေးမူဝါဒကို ပြန်လည် ဆန်းသစ်ခြင်း၊ ပြန်လည်ချိန်ညှိခြင်းနှင့် ပြန်လည်ပြင်ဆင်ခြင်း (Revive, Rebalalnce and Recalibrate) သို့မဟုတ် 3Rs ဟု ညွန့်ပေါင်းအဖွဲ့ နားလည်မှုစာချွန်လွှာ (MOU) လက်မှတ်ရေးထိုးပွဲအတွက် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခဲ့သည်။

MFP ၏ခေါင်းဆောင်မှုအောက်တွင် ထိုင်း၏ နိုင်ငံခြားရေးမူဝါဒ အစီအစဉ်များသည် သမားရိုးကျ ချဉ်းကပ်မှုများမှ တက်ကြွသော နိုင်ငံခြားသံတမန်ရေး၊ ပူးပေါင်းဆောင်ရွက်မှုနှင့် တန်ဖိုးမျှဝေရေးအတွက် မြှင့်တင်မှုတို့ဆီသို့ ပြောင်းလဲခြင်းကို ထင်ဟပ်နေသည်။

ပြန်လည်ဆန်းသစ်ခြင်းနှင့်ပတ်သက်၍ ပီတာက ထိုင်းနိုင်ငံ၏ ချဉ်းကပ်မှု သည် တိတ်ဆိတ်သော သံရေး၊တမန်ရေးအခြေအနေတစ်ခု မဟုတ်တော့ကြောင်း ကတိပေးကာ သူ၏ ဦးဆောင်မှု အောက်တွင် နိုင်ငံခြားရေးမူဝါဒသည် အပြည်ပြည်ဆိုင်ရာ အရေးကိစ္စများတွင် ပို၍တက်ကြွသော သက်ရောက်မှု ရှိစေရမည်ဟု ပြောသည်။

 

ပြန်လည်ချိန်ညှိခြင်းတွင်လည်း အလယ်အလတ်တန်းစား အင်အားရှိနိုင်ငံတစ်ခုသည် ဥပဒေကို အခြေခံသော သံတမန်ရေးကို ဦးဆောင်နိုင်ကာ ထိုင်းသည် ၎င်း၏ အုပ်ချုပ်မှုဖြင့် ဒေသတွင်းဦးဆောင်ရန် အဆင်သင့်ဖြစ်နေပြီ ဟု အခိုင်အမာ ပြောဆိုခဲ့သည်။

ပြန်လည်ချိန်ညှိခြင်းနှင့်ပတ်သက်၍လည်း နိုင်ငံခြားရေးမူဝါဒသည် တခြားနိုင်ငံများ၊ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ထိုင်းနိုင်ငံတို့သည့် မည်ကဲ့သို့အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည်ကို တွေ့မြင်ရမည်ဟု ပီတာက ပြောခဲ့သည်။

3R အပြင် ပီတာက ထိုင်း၏ အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း အရေးပါသော အကြောင်းအရာများအတွက် သူ၏အမြင်ကိုလည်း ပြောဆိုခဲ့သည်။

နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အမြင်ကို ထုတ်ဖော်ခြင်းဖြင့် ပါတီသည် ကမ္ဘာလုံးဆိုင်ရာမျက်နှာစာတွင် ထိုင်းနိုင်ငံ၏ အနေအထားကို ပြောင်းလဲရန်၊ နိုင်ငံတကာ မိတ်ဖက်များနှင့် နီးကပ်သော ဆက်ဆံရေးကို မြှင့်တင်ကာ ကမ္ဘာလုံး ဆိုင်ရာ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဖော်ဆောင်ရန် ရှင်းလင်းပြောဆိုခဲ့ သည်။

ယခုကဲ့သို့ ပါတီ၏ ချဉ်းကပ်မှုသည် ဆယ်စုနှစ်အတန်ကြာ တက်ကြွလှုပ်ရှားမှုမရှိဟု ယူဆခံရပြီးနောက် ထိုင်းနိုင်ငံ၏ သံတမန်ရေးဆိုင်ရာ ပြောင်းလဲမှုကို ဖော်ညွှန်းနေကာ အနာဂတ်ကို ဦးတည်သည့် သံတမန်ရေးဟူ၍ ၎င်းတို့ ပေးထားသောကတိကိုလည်း ထင်ဟပ်စေသည်။

Source:Thaipbsworld