CNI Sport News

၂၀၂၄ ခုနှစ်၊ ဧပြီ ၂၅

သြစတြေီးယားအသင်းကို ကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်း ယာယီနည်းပြဟောင်း ရက်ဂ်နစ်ဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ နည်းပြရာထူးအတွက် ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ရက်ဂ်နစ်က “ဘိုင်ယန်မြူးနစ်က ကျနော့်ကို ဆက်သွယ်မှု ပြုလုပ်ထားတာကို သြစတြီးယားဘောလုံးအဖွဲ့ချုပ်ထံ အကြောင်းကြားထားပါတယ်။ ဘိုင်ယန်က ကျနော့်ကို လိုချင်တယ်လို့ပြောရင် ကျနော်ကလည်း ဒါကို အမှန် တကယ် လိုချင်လားဆိုပြီး ပြန်မေးရပါလိမ့်မယ်။ ကျနော့်အနေနဲ့ အခြားတစ်ခုခု လုပ်မယ်ဆိုရင် သြစတြီးယား ဘောလုံးအဖွဲ့ချုပ်နဲ့ အရင်ဆုံး ဆွေးနွေးမှု ပြုလုပ်ရမှာပါ”လို့ ပြောပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရာသီအကုန်မှာ ထွက်ခွာမယ့် နည်းပြတူချယ်လ်ရဲ့ နေရာမှာ အစားထိုးဖို့ နည်းပြသစ် ရှာဖွေနေပြီး ရက်ဂ်နစ်က သူတို့ရဲ့ ပစ်မှတ်ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ကစားသမားဟောင်း ဇာဘီအလွန်ဆိုကို နည်းပြအဖြစ် ခန့်အပ်ဖို့ ဦးစားပေးကြိုးစား ခဲ့ပေမယ့် သူကတော့ လေဗာကူဆင်အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါ။

 နည်းပြ ရက်ဂ်နစ်ကို တွေ့ရစဉ်

အဲဒါကြောင့် နည်းပြဟောင်း နာဂျယ်လ်စမန်းကို ပြန်လည် ချိတ်ဆက်ခဲ့ပေမယ့် သူကလည်း ဂျာမနီအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့တာ ဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ရွေးချယ်စရာတွေထဲက တစ်ခုဖြစ်လာခဲ့တဲ့ ရက်ဂ်နစ်ဟာ ယူနိုက်တက်အသင်းကနေ ထွက်ခွာအပြီးမှာ သြစတြီးယားအသင်းကို ကိုင်တွယ်နေခဲ့တာပါ။

ရက်ဂ်နစ်ရဲ့ လက်ထက်မှာ သြစတြီးယားအသင်းဟာ ရလဒ်ကောင်းတွေ ရရှိနေပြီး နောက်ဆုံး ကစားထားတဲ့ ၅ ပွဲ စလုံး အနိုင်ရရှိကာ ယူရို ၂၀၂၄ ပြိုင်ပွဲယှဉ်ပြိုင်ခွင့် ရရှိထားတာ ဖြစ်ပါတယ်။ 

အဲဒါကြောင့် ရက်ဂ်နစ်ဟာ လက်ရှိအချိန်မှာ သြစတြီးယားအသင်းကို ယူရိုပြိုင်ပွဲမှာ အောင်မြင်မှုရယူပေးဖို့ အာရုံစိုက်နေတာပါ။

ရက်ဂ်နစ်ဟာ သူ့ရဲ့ နည်းပြဘဝမှာ ဂျာမန်ကလပ်တွေဖြစ်တဲ့ စတုဂတ်၊ ဟန်နိုဗာ၊ ရှော်လ်ကေး၊ လိုက်ပ်ဇစ်အသင်း တွေကို ကိုင်တွယ်ခဲ့ပြီး ဆုဖလားအောင်မြင်မှုအချို့ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Source: Metro