CNI International News

ဘန်ကောက်၊ မေလ ၂၇

ထိုင်းနိုင်ငံ၏ လွှတ်တော်ဥက္ကဋ္ဌသစ် ရာထူးကို မည်သူရယူမည်နှင့်ပတ်သက်၍ Move Forward ပါတီ(MFP) နှင့် ဖြူးထိုင်း (Pheu Thai) ပါတီတို့အကြား သဘောထားကွဲလွဲမှုမှာ ပိုမိုကြီးမားလာသည်ဟု ဘန်ကောက်ပို့စ် သတင်း တွင် ဖော်ပြသည်။

MFP အနေဖြင့် အဆိုပါရာထူးကို ရယူရန်လိုအပ်သည်ဟု ပါတီ၏ ဒုတိယဥက္ကဋ္ဌ သီရိကန်ယာ တန်ဆာကွန်း (Sirikanya Tansakun) က ပြောခဲ့သည်။ ထိုသို့သော သဘောထားကွဲလွဲမှုက ဖြူးထိုင်းပါတီအား ညွန့်ပေါင်းအဖွဲ့ အသစ်မှ နုတ်ထွက်ခြင်းကို ဖြစ်စေသည်ဆိုသည့် ယူဆချက်များကို လျစ်လျူရူကာ MFP အနေဖြင့် ၎င်း၏ မိတ်ဖက်များကို နောက်ကျောဓားနှင့်ထိုးမည် မဟုတ်ကြောင်း ဆွေးနွေးမှုများအတွက် လမ်းဖွင့်ပေးထားကြောင်း သူမက ပြောသည်။

ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရီကော

ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာတစ်ခုတွင် MFP ပါတီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သော ပီယာဘွတ် ဆန်ကာနော့ကူး (Piyabutr Saengkanokkul) က MFP အနေဖြင့် လွှတ်တော် ဥက္ကဋ္ဌရာထူးကို လက်လွှတ်မခံနိုင်ဟု ပြောခဲ့သည်။

အဆိုပါ ပြောစကားကို ဖြူးထိုင်းပါတီခေါင်းဆောင် ချိုနန် သီရီကော (Cholnan Srikaew) က ဝေဖန်ခဲ့ကာ ယင်းသည် မဟာမိတ်အဖွဲ့များကို ဖိအားရန်ကြိုးပမ်းမှုဖြစ်သည်ဟု ပြောခဲ့သည်။ လွှတ်တော် ဥက္ကဋ္ဌသည် လွှတ်တော်အစည်းအဝေးများနှင့် အစီအစဉ်များကို ကြီးကြပ်ရခြင်းကြောင့် ယင်းသည် နိုင်ငံရေးလောကတွင် အရေးပါဆုံး ရာထူးများမှ တစ်ခုဖြစ်သည်။

MFP အနေဖြင့်ရွေးကောက်ပွဲ မဲဆွယ်ကတိကဝတ်များကို ပြည့်မီအောင် ဆောင်ရွက်လိုလျှင် အဆိုပါ ရာထူးကို မဖြစ်မနေရရှိရမည်ဟု သတင်းအရင်းအမြစ်များက ပြောသည်။ လွှတ်တော်ဥက္ကဋ္ဌ၏ နောက်ထပ်အရေးပါသော ရာထူးတာဝန်မှာ တော်ဝင်ထောက်ခံချက်အတွက် လွှတ်တော်မှရွေးချယ်သော ဝန်ကြီးချုပ်၏ အမည်ပေးရန် ဖြစ်သည်။

MFP ပါတီခေါင်းဆောင် ပီတာ

ဖြူးထိုင်းပါတီသည် လွှတ်တော်ဥက္ကဋ္ဌရာထူးအတွက် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်နေသည်ဟု ပါတီ၏ ဒုတိယခေါင်းဆောင် ဆူတင်ကလန်ဆန်း (Sutin Klungsang) က ကြာသပတေးနေ့တွင်ပြောသည်။

ဂုဏ်သိက္ခာနှင့် ရာထူးကို ခွဲဝေသင့်ကြောင်း၊ MFP အနေဖြင့် ဝန်ကြီးချုပ်ရာထူးကိုရယူလိုလျှင် လွှတ်တော် ဥက္ကဋ္ဌ ရာထူးကို ဖြူးထိုင်းပါတီသို့ ခွဲပေးသင့်ကြောင်းလည်း မစ္စတာ ဆူတင်က ပြောသည်။

Source:Bangkok post