CNI International News

ဘန်ကောက်၊ မေလ ၂၉

Move Forward ပါတီ၏ အစိုးရဖွဲ့စည်းရေးကိစ္စတွင် ပါဝင်ကူညီခြင်း မပြုဘဲ လွှတ်ထားရန် ဖြူးထိုင်း (Pheu Thai) ပါတီ ထောက်ခံသူများက တာဝန်ရှိသူများကို တနင်္ဂနွေနေ့တွင် တိုက်တွန်း တောင်းဆိုခဲ့သည်ဟု ဘန်ကောက်ပို့စ် သတင်းတွင် ဖော်ပြသည်။

ဖြူးထိုင်းပါတီအပေါ် မလေးမစားသည့် သဘောထား ပြသခဲ့ခြင်းအပေါ် စိတ်ဆိုး ဒေါသဖြစ်နေသော ထောက်ခံသူ များက ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ဖြူးထိုင်းပါတီ ထောက်ခံသူများ၏ တောင်းဆိုမှုကို ထည့်သွင်း စဉ်းစားသွားမည်ဟု ဖြူးထိုင်းပါတီ ခေါင်းဆောင်က ပြောသည်။

အနီရောင် ဝတ်ဆင်ထားသည့် ထောက်ခံသူများက ဖြူးထိုင်းပါတီ ရုံးချုပ်ရှေ့တွင် လာရောက်စုဝေးကာ ၎င်းတို့၏ ယူဆချက်များကို ထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။

ထိုသူများကို ဦးဆောင်သည့် နီယွမ် နော့ပါရတ် (Niyom Nopparat)က လုပ်ငန်းစဉ်များအတွင်း ဖြူးထိုင်းပါတီ သည် မလေးမစား လုပ်ခြင်းခံရသောကြောင့် ၎င်းအနေဖြင့် ပါတီအား Move Forward ပါတီ၏ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရေး လုပ်ငန်းစဉ်မှ နုတ်ထွက် စေလိုသည်ဟု ပြောသည်။

 Move Forward Party ဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့ကိုတွေ့ရစဉ်

ဖြူထိုင်းပါတီ ပါဝင်ခြင်းမရှိဘဲ အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်လား ဆိုခြင်းအပေါ် ထည့်သွင်းစဉ်းစား စေလိုသည် ဟုလည် ၎င်းက ပြောသည်။

ထိုင်း အထွေထွေ ရွေးကောက်ပွဲတွင် ပထမနှင့်ဒုတိယ နေရာရရှိခဲ့သော Move Forward နှင့် ဖြူးထိုင်းတို့ အကြား လွှတ်တော်ဥက္ကဋ္ဌ ရာထူးနှင့်ပတ်သက်၍ အငြင်းပွားမှုများ ရှိနေစဉ်၌ ဖြူးထိုင်းပါတီ ထောက်ခံသူများက ယခုကဲ့သို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ပါတီထောက်ခံသူများက ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်စောင်တွင် ဖြူးထိုင်းပါတီ အနေဖြင့် ရွေးကောက်ပွဲ တွင် ပထမရရှိခဲ့သော Move Forward ပါတီအား အစိုးရဖွဲ့စည်းရန် ပထမဆုံး ကြိုးစားခွင့် ပေးသင့်သည်ဟု ရေးသားထားသည်။

Move Forward အနေဖြင့် အစိုးရတစ်ရပ်ကို မဖွဲ့စည်းနိုင်လျှင် ဒုတိယနေရာမှ အနိုင်ရရှိခဲ့သော ဖြူးထိုင်းအား အစိုးရဖွဲ့စည်းခွင့် ပေးရန်လည်း တောင်းဆိုထားသည်။

ထောက်ခံသူများ၏ အကြံပြုချက်ကို ဂရုတစိုက် ထည့်သွင်း စဉ်းစားသွားမည်ဟု ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကော (Cholnan Srikaew) က ပြောသည်။

ဖြူးထိုင်းပါတီ ခေါင်းဆောင် ချိုနန် သီရိကောကိုတွေ့ရစဉ်

ပါတီသည် ဘက်ပေါင်းစုံမှ အကြံပေးချက်များကို နားထောင်လေ့ ရှိကြောင်း၊ အထူးသဖြင့် တန်ဖိုးထားရသည့် ထောက်ခံသူများထံမှဖြစ်ကြောင်း ဒေါက်တာချိုနန်က ပြောသည်။

Move Forward ပါတီသည် လာမည့် မေလ ၃၀ ရက်နေ့တွင် ညွန့်ပေါင်းဖွဲ့စည်းမည့် မိတ်ဖက်ပါတီများနှင့် တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ထားကြောင်း ဖြူးထိုင်းပါတီ ခေါင်းဆောင်က ပြောသည်။

ထိုတွေ့ဆုံ ဆွေးနွေးမည့် အချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ ရာထူးနှင့်ပတ်သက်၍ သဘောတူညီချက် ရယူနိုင်လိမ့်မည် ဟု ယူဆထားကြောင်း ပြောသည်။

ပူးပေါင်းဆောင်ရွက်မှုအတွက် အကောင်းဆုံး အနေအထားကို ရှာဖွေသွားရမည် ဖြစ်ကြောင်း၊ အပေးအယူ ရှိရမည် ဖြစ်ကြောင်း၊ တစ်ဖက် စောင်းနင်းမဟုတ်ဘဲ အားလုံး ပျော်ရွှင်ရမည် ဖြစ်ကြောင်းလည်း ဖြူးထိုင်းပါတီ ခေါင်းဆောင်က ပြောသည်။

Source: ဘန်ကောက်ပို့စ်