CNI International News

တိုကျို၊ ဧပြီ ၂၅

ဂျပန်နိုင်ငံသည် နိုင်ငံအတွင်းသို့ လာရောက်မည့် ခရီးသွားများအတွက် ငွေသားမဟုတ်သည့် အခွန်ပြန်အမ်းငွေ (cashless tax refunds) အစီအစဉ်ကို အကောင်အထည်ဖော်ရန် စဉ်းစားနေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြ ခဲ့သည်။

ခရီးသွားများသည် နိုင်ငံအတွင်း လာရောက်၍ လေဆိပ်မှ ပြန်လည်မထွက်ခွာမီ အကောက်ခွန် ကင်းလွတ်သည့် ပစ္စည်းများကို ဝယ်ယူပြီးနောက် ထိုပစ္စည်းများကို ပြန်လည်ရောင်းချခြင်းမှ တရားမဝင်သည့် နည်းလမ်းဖြင့် ငွေကြေးများရရှိမှုကို ကာကွယ်တားဆီးရန် အားထုတ်ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ထိုအစီအစဥ် ကို စဉ်းစားနေခြင်းဖြစ်သည်။

ထိုစနစ်အရ ဂျပန်တွင် ပြည်ပခရီးသွားများသည် ထုတ်ကုန်များကို ဝယ်ယူရာ၌ စားသုံးခွန်ကိုပါ ထည့်သွင်း ပေးချေရမည်ဖြစ်သည်။

ထို့နောက် အစိုးရက အဆိုပါ စားသုံးခွန်ကို အကြွေးဝယ်ကဒ် (credit card) သို့မဟုတ် အခြား ငွေသားမဟုတ် သည့် အီလက်ထရောနစ်အခြေပြု ငွေပေးချေမှု စနစ်များဖြင့် ခရီးသွားများကို ပြန်ထည့် ပေးသွားမည်ဟု ဖော်ပြ ခဲ့သည်။

ငွေသားများဖြင့် အခွန်ပြန်အမ်းငွေ (Cash refunds) ထုတ်ပေးသည့် အစီအစဉ်ကို လေဆိပ်များတွင် ဆက်လက် လုပ်ဆောင်မည် ဖြစ်သော်လည်း အစိုးရက ခရီးသွားများအား လေဆိပ်များ၌ ပိတ်ဆို့မှုများ၊ နှောင့်နှေးကြန့်ကြာ မှုများ မဖြစ်စေရန် ငွေသားမဟုတ်သော အခွန်ပြန်အမ်းငွေစနစ် (Cashless refunds) ကို အသုံးပြုရန် တိုက်တွန်း သွားမည်ဟု သတင်းရင်းမြစ်များက ဖော်ပြခဲ့သည်။

ထိုစနစ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များကို ၂၀၂၅ ခုနှစ် ဘဏ္ဍာနှစ်အအတွက် အခွန်ပြုပြင် ပြောင်းလဲရေး အစီအစဉ်များတွင် ထည့်သွင်းရန် မျှော်မှန်းထားသည်ဟုလည်း ဆိုသည်။

ဂျပန်တွင် ပြည်ပခရီးသွားများသည် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများ၌ အသုံးပြုရန် ရည်ရွယ်ချက်ဖြင့် ယန်း ၅၀၀ ( ၃၂ ဒေါ်လာ) နှင့်အထက် တန်ဖိုးရှိသည့် ပစ္စည်းများကို ဝယ်ယူပါက အခွန်ကင်းလွတ်ခွင့် ရရှိထားသည်။

အကောက်ခွန် ကင်းလွတ်သည့် ထိုပစ္စည်းများကို ဝယ်ယူပြီးနောက် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံသို့ ယူဆောင်ခြင်း မပြုဘဲ ဂျပန်တွင် အသုံးပြုခြင်း သို့မဟုတ် ပြန်လည်ရောင်းချခြင်းမှ ကာကွယ်တားဆီးရန်အတွက် ထိုပစ္စည်းများ ကို သတ်မှတ်ထားသည့် ထုတ်ပိုးမှုပုံစံများ သို့မဟုတ် ဘူးများဖြင့် ချိတ်ပိတ်ရောင်းချနေခြင်း ဖြစ်သည်။

ဂျပန်က ခရီးသွားများ အခွန်ကင်းလွတ်ခွင့်ကို ညွန်းပြထားစဉ်

အကယ်၍ ခရီးသွားများသည် လေဆိပ်မှ မထွက်ခွာမီ ၎င်းတို့ ဝယ်ယူခဲ့သည့် အကောက်ခွန်မဲ့ ပစ္စည်းများကို အကောက်ခွန် အရာရှိများက စစ်ဆေးတွေ့ရှိခြင်း မရှိပါက စားသုံးခွန် ပေးဆောင်ရမည်ဖြစ်သည်။

သို့သော် ဂျပန်တွင် ခရီးသွားများသည် အကောက်ခွန်မဲ့ ပစ္စည်းအများအပြားကို ဝယ်ယူပြီးနောက် နိုင်ငံအတွင်းမှ ပြန်လည် မထွက်ခွာမီ အခွန်ပါရှိသည့် စျေးနှုန်းများအတိုင်း ဂျပန်၌ ပြန်လည်ရောင်းချနေပြီး အကျိုးအမြတ်များ ရရှိသော ဖြစ်စဉ်များ ရှိခဲ့သည်ဟုလည်း သိရသည်။ 

ယခုစီစဉ်နေသည့် စနစ်တွင် ခရီးသွားများ၏ ပစ္စည်းဝယ်ယူမှု မှတ်တမ်းကို စစ်ဆေးနိုင်ရန် လေဆိပ်များတွင် အကောက်ခွန် အရာရှိများသည် ပတ်စ်ပို့များကို စကန်ဖတ်မည် ဖြစ်သည်။

ထို့နောက် အကောက်ခွန်မဲ့ ပစ္စည်းများရောင်းချသည့် Duty-free ဆိုင်များကို ခရီးသွားများ၏ ပစ္စည်းဝယ်ယူမှု မှတ်တမ်းကို ပေးပို့မည်ဖြစ်သည်။ 

နောက်ဆုံးအဆင့် အနေဖြင့် Dute-free ဆိုင်များသည် ခရီးသွားများအား ၎င်းတို့ ဝယ်ယူခဲ့သည့် ပစ္စည်းများကို စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးပြီး ပြန်အမ်းငွေ ထုတ်ပေးသွားလိမ့်မည်ဟု သတင်းရင်းမြစ်များတွင် ဖော်ပြထား သည်။

Source: ဘန်ကောက်ပို့စ်