CNI International News

ဘန်ကောက်၊ ဇန်နဝါရီ ၁၁

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် တနင်္လာနေ့တွင် United Thai Nation ပါတီနှင့် တရားဝင် ပူးပေါင်း လိုက်ခြင်းဖြင့် ၎င်းကိုယ်၎င်း သတင်းခေါင်းကြီးပိုင်းနေရာသို့ရောက်အောင် လုပ်ဆောင်နိုင်ခဲ့သော်လည်း ၎င်းသည် နိုင်ငံရေးအမြင်နှင့်ပတ်သက်၍ မျှဝေနိုင်မှုနည်းပါးခဲ့သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများက ထောက်ပြခဲ့ ကြောင်း Thai PBS Wrold သတင်းတွင် ဖော်ပြသည်။

ပရာယွတ်သည် ၎င်းကိုထောက်ခံသူများရှေ့မှောက်တွင် ပါတီသစ်၏ အဖွဲ့ဝင်အဖြစ် စာရင်းသွင်းနိုင်ခဲ့သည်။ ယင်းက လာမည့်အထွေထွေရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် လမ်းပွင့်ခဲ့ ခြင်းလည်းဖြစ်သည်။ ရာထူးကို ဆက်လက်ကိုင်ဆွဲထားလိုခြင်းမရှိကြောင်း၊ သို့သော် ထိုင်းနိုင်ငံသည် ရှေ့သို့ ဆက်လက်ချီတက်သွားရန် လိုအပ်ကြောင်း ပရာယွတ်က ရာနှင့်ချီသော ထောက်ခံသူများကို မိန့်ခွန်းပြောကြား ခဲ့သည်။

တနင်္လာနေ့ အခမ်းအနားသည် ပရာယွတ်မည်သည့်နေရာတွင် ပါဝင်မည်လဲဆိုသည့် ၎င်း၏နိုင်ငံရေးအစီအစဉ်နှင့် ပတ်သက်သော ကာလရှည်ခန့်မှန်းချက်များကိုလည်း အဆုံးသတ်သွားစေခဲ့သည်။ သို့သော် ယခင်ကကဲ့သို့ပင် ပရာယွတ်၏ မိန့်ခွန်းသည် နိုင်ငံရေးဆိုင်ရာ အယူအဆများ ပါဝင်မှုနည်းပါးနေသည်ဟု နိုင်ငံရေးသုံးသပ်သူများက ထောက်ပြသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့က ဘန်ကောက်မြို့ရှိ Queen Sirikit အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာန၌ ထောက်ခံအားပေးသူများထံမှ ပန်းများလက်ခံရယူခဲ့စဉ်(ဓါတ်ပုံ-AFP)

ထိုင်းနိုင်ငံအတွက် မည်သို့ဆောင်ရွက်ပေးမည်ဆိုသည်ကို ပြည်သူများအား ပြောပြနိုင်မည့် အခွင့်အရေးကို ဝန်ကြီးချုပ်က ဖြုန်းတီးခဲ့သည်ဟု ထိုင်းနိုင်ငံ၏အမျိုးသားဖွံ့ဖြိုးတိုးတက်မှုစီမံခန့်ခွဲရေးအဖွဲ့မှ ဒေါက်တာ ပီချိုင်း (Dr.Pichai) က ပြောသည်။

Thai PBS သတင်းနှင့်ပြောဆိုခဲ့ရာတွင် ပရာယွတ်အနေဖြင့်လာမည့် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့လျှင် ထိုင်းပြည် အတွက် မည်သို့ပုံစံမျိုးဆောင်ရွက်ပေးမည်ဆိုသည့် အခွင့်အရေးကို အသုံးချခဲ့သင့်ကြောင်း၊ ၎င်းအစားလွန်ခဲ့သည့် ရှစ်နှစ်တွင် သူပြောခဲ့သည့် ပုံစံဟောင်းအတိုင်း သူ၏ရိုးသားမှုအကြောင်းကိုသာ ဇောင်းပေးပြောဆိုသွားခဲ့ကြောင်း ဒေါက်တာ ပီချိုင်းက ထောက်ပြခဲ့သည်။

ထိုင်းအခြေခံဥပဒေမူကြမ်းကော်မတီ၏ အကြံပေးအရာရှိဟောင်း ဒေါက်တာ ဂျိတ်ဒွန်နာဗာနစ် (Dr.Jade Donavanik) ကလည်း ဒေါက်တာပီချိုင်းကဲ့သို့ပင် ယူဆသည်။ ပရာယွတ်၏ မိန့်ခွန်းတွင် အနာဂတ်နှင့် ပတ်သက်သည့် အကြောင်းအရာမပါဝင်ခဲ့ကြောင်း၊ အနာဂတ်နှင့်ပတ်သက်သည့်အမြင်များကို ချပြသင့်ကြောင်း နှင့်ထိုအချက်များအရ ပရာယွတ်သည် မိန့်ခွန်းကို သေသေချာချာပြင်ဆင်လာခြင်းမရှိကြောင်း ပေါ်လွင်နေသည် ဟု ဒေါက်တာဂျိတ်က ဆိုသည်။

ထို့အပြင် ၎င်းတို့နှစ်ဦးသည် လာမည့်ရွေးကောက်ပွဲတွင် ပရာယွတ်၏ ပါတီသစ် အောင်မြင်မှုရရှိနိုင်ခြေနှင့် ပတ်သက်၍လည်း သံသယရှိခဲ့ကြသည်။

Source:Thaipbsworld