CNI International News

ဝါရှင်တန်၊ နိုဝင်ဘာ ၁၀

ယီမင်နိုင်ငံမှ ဟူရ်သီသူပုန်များသည် အမေရိကန်စစ်တပ်၏ ဒရုန်းတစ်စင်းကို ပစ်ချခဲ့သည်ဟု အမေရိကန်အရာရှိ များနှင့် ဟူရ်သီအဖွဲ့က ပြောကြားခဲ့ကြောင်း ဘီဘီစီ အင်္ဂလိပ်ပိုင်းမှ ဖော်ပြခဲ့သည်။

အမေရိကန်၏ MQ9 ဒရုန်းတစ်စင်းသည် ယီမင်ကမ်းလွန်တွင် ဟူရ်သီ တပ်ဖွဲ့များ၏ ပစ်ချမှုကို ခံခဲ့ရကြောင်း အမေရိကန် အရာရှိတစ်ဦးက ပြောသည်။ 

ထိုပြောကြားချက်ကို ဟူရ်သီစစ်တပ်၏ ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးသည် ဟားမာ့စ်အဖွဲ့နှင့် စစ်ပွဲဖြစ်ပွားနေချိန်၌ အရှေ့အလယ်ပိုင်းဒေသမှာ  အီရန်က ထောက်ပံ့ပေးထားသည့် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများကို အမေရိကန်က တပ်လှန့် နှိုးဆော် ထားချိန်တွင် ထိုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့်လက ယီမင်နိုင်ငံမှ ဟူရ်သီအဖွဲ့က အစ္စရေးကို ပစ်လွှတ်ခဲ့သည့် ခရုစ်ဒုံးကျည်များနှင့် ဒရုန်းများကို အမေရိကန် ရေတပ်၏ စစ်သင်္ဘောတစ်စင်းက ကြားဖြတ်ပစ်ချခဲ့သည်။

ယီမင်နိုင်ငံက ဟူရ်သီသူပုန်အဖွဲ့ကို တွေ့ရစဉ်

အစ္စရေး-ဂါဇာစစ်ပွဲကြောင့် ဒေသတွင်း တင်းမာမှုများ မြင့်တက်နေချိန်တွင် အရှေ့အလယ်ပိုင်းဒေသ၌ အမေရိကန် သည် လေယာဉ်တင်သင်္ဘောများ၊ မရိန်းတပ်သားများနှင့် ထောက်ပို့သင်္ဘောများ အပါအဝင် စစ်အင်အားကို တိုးမြှင့်ဖြန့်ကြက်ချထားခဲ့သည်။

ထို့ပြင် ယီမင်နှင့် အစ္စရေးကြားတွင် တည်ရှိသည့် ပင်လယ်နီ၌ စစ်သင်္ဘောများပေါ်မှာ စစ်သားများ စေလွှတ်ထားခဲ့ သည်။

အီရန်က ကျောထောက်နောက်ခံ ပေးထားသည့် ဟူရ်သီသူပုန်များသည် ယီမင်၏ တရားဝင် အစိုးရနှင့် ပြည်တွင်း စစ် ဖြစ်ပွားနေပြီး မတိုးသာမဆုတ်သာ အခြေအနေသို့ ရောက်ရှိနေသည်။ 

ယီမင်အစိုးရကို အီရန်၏ ပြိုင်ဘက် ဆော်ဒီအာရေဗျနိုင်ငံက ၂၀၁၄ ခုနှစ်ကတည်းက ထောက်ပံ့ပေးထားသည်။

ဂါဇာဒေသတွင် အရပ်သားများကို အစ္စရေးက သတ်ဖြတ်နေမှုသည် အရှေ့အလယ်ပိုင်းဒေသ၌  ပိုမိုကြီးမား ကျယ်ပြန်သည့် စစ်ပွဲကြီး ဖြစ်ပွားလာနိုင်ကြောင်း အီရန်က ထောက်ပံ့ပေးထားသည့် အခြား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် လက်ဘနွန်နိုင်ငံ၏ ဟစ်ဇ်ဘိုလာ (Hezbollah)အဖွဲ့ ဒုခေါင်းဆောင်က ယခု သီတင်းပတ်အတွင်း သတိပေးခဲ့သည်။ 

Source: ဘီဘီစီ