CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ပြီးခဲ့တဲ့နှစ်က ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင် ထားတာကို အခုနှစ်မှာ ရုပ်သိမ်းလိုက်ပြီ ဖြစ်ပါတယ်။

အဲဒါကြောင့် အခုနှစ်ပြိုင်ပွဲမှာတော့ ဒီနှစ်နိုင်ငံက အားကစားသမားတွေဟာ ယှဉ်ပြိုင်ခွင့် ရရှိသွားခဲ့တာပါ။

ဒါပေမယ့် ကြားနေ အားကစားသမားတွေ အဖြစ်နဲ့သာ ဝင်ရောက်ယှဉ်ပြိုင်လို့ ရမှာဖြစ်ပြီး အချို့သော အခြေအနေ တွေကိုတော့ လိုက်နာရမယ်လို့ ပြိုင်ပွဲကျင်းပရေးဖြစ်တဲ့ ALL England Club က ထုတ်ပြန်ခဲ့ပါတယ်။

ယူကရိန်းကို ကျူးကျော်တဲ့ ရုရှားနဲ့ ထောက်ပံ့ပေးနေတဲ့ ဘယ်လာရုစ်ရဲ့ လုပ်ရပ်ကို တုန့်ပြန်တဲ့ အနေနဲ့ ပြီးခဲ့တဲ့ နှစ်က ဒီနှစ်နိုင်ငံက အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့တာပါ။ အခုနှစ်မှာ ကျင်းပမယ့် ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲကို ဇူလိုင်လ ၃ ရက်နေ့မှာ စတင် ကျင်းပသွားတော့မှာ ဖြစ်ပါတယ်။

All England Club ဥက္ကဋ္ဌ အီယန်ဟီဝစ်က “ရုရှားရဲ့ တရားမဝင် ကျူးကျော်မှုကို ဆက်လက် ရှုတ်ချသွားမှာဖြစ်ပြီး ကျနော်တို့ရဲ့ ထောက်ခံမှုဟာ ယူကရိန်းပြည်သူတွေနဲ့အတူ ရှိနေဆဲပါပဲ။ ထိခိုက်မယ့် သူတွေအတွက် ပေါ့ပေါ့တန် တန် မစဉ်းစားဘဲ ကြီးကြီးမားမား ထည့်သွင်း စဉ်းစားတာကြောင့် ဒါဟာ မယုံနိုင်လောက်အောင် ခက်ခဲတဲ့ ဆုံး ဖြတ်ချက်ပါ”လို့ ပြောခဲ့တာပါ။

ဒီဆုံးဖြတ်ကြောင့် ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေဟာ Queen's နဲ့ Eastbourne ပြိုင်ပွဲအပြင် ဗြိတိန် မှာ ကျင်းပတဲ့ အခြားပြိုင်ပွဲတွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင်လို့ ရရှိမှာ ဖြစ်ပါတယ်။

ဝင်ဘယ်လ်ဒန်ပြိုင်ပွဲကိုတွေ့ရစဉ်

ဝင်ဘယ်လ်ဒန် အိုးပန်းပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် အဲဒီနှစ်နိုင်ငံက အားကစားသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်တွေကတော့ နိုင်ငံတွင်းက အစိုးရနဲ့ ခေါင်းဆောင်တွေကို ထောက်ခံမှု မပြုလုပ်ဖို့ သဘောတူညီ ရမှာပါ။

ဒါအပြင် နိုင်ငံအတွင်းက အစိုးရတွေနဲ့ ခေါင်းဆောင်တွေ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီတွေကနေ စပွန်ဆာ ယူတာ အပါအဝင် သူတို့ဆီကနေ ထောက်ပံ့မှုတွေကို လက်ခံလို့မရတာ ဖြစ်ပါတယ်။

ပိတ်ပင်မှုကို ရုပ်သိမ်းခဲ့တဲ့အတွက် အခုနှစ်မှာ ကျင်းပမယ့် ပြိုင်ပွဲကို ရုရှားနဲ့ ဘယ်လာရုစ် ထိပ်တန်း အားကစားသမားတွေဖြစ်တဲ့ မက်ဗီဒက်ဗ်၊ ရူဘလက်ဗ်၊ ကာဆတ်ကီနာနဲ့ ဆာဘလန်ကာတို့ဟာ ဝင်ရောက် ယှဉ်ပြိုင်နိုင်တာပါ။

ဒါပေမယ့် အားကစားသမားတွေနဲ့ သူတို့ရဲ့ အဖွဲ့ဝင်တွေဟာ ဝင်ဘယ်လ်ဒန် ပြိုင်ပွဲဝင်နိုင်ဖို့အတွက် ကြားနေ ဆိုတာကို လတ်မှတ် ထိုးရမယ်လို့ သိရပါတယ်။

ဒီစည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်ဆိုရင်တော့ ဒဏ်ကြေးငွေ ဒါမှမဟုတ် ပြိုင်ပွဲကနေ ထုတ်ပယ်တဲ့အထိ ပြစ်ဒဏ် ချမှတ်ခြင်း ခံရနိုင်တယ်လို့ သတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: BBC