CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ နိုင်ငံတကာ ပွဲအများဆုံး ကစားသမားအဖြစ် စံချိန်သစ် တင်နိုင်ခဲ့တဲ့ အသင်းခေါင်းဆောင် ရော်နယ်ဒိုကို အထူးပြုလုပ်ထားတဲ့ ကိတ်မုန့်ကို ပေးအပ်ကာ ဂုဏ်ပြုခဲ့ပါတယ်။

အသက် ၃၈ နှစ် အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ လက်ချင်စတိန်းအသင်းနဲ့ ကစားခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲမှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးပြီးနောက် ကူဝိတ်ကစားသမား အယ်လ်မူတာဝါရဲ့ နိုင်ငံတကာပွဲ အရေအတွက် ၁၉၆ ပွဲကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

ရော်နယ်ဒိုဟာ လူဇင်ဘတ်နဲ့ ပွဲမှာပါ ပါဝင်ကစားခဲ့ပြီးနောက် နိုင်ငံတကာပွဲ အရေအတွက် ၁၉၈ ပွဲအထိ ရောက်ရှိ သွားခဲ့တာ ဖြစ်ပါတယ်။

အဲဒါကြောင့်လည်း ဆော်ဒီကလပ်ဟာ ရော်နယ်ဒိုအတွက် အထူးပြုလုပ်ထားတဲ့ ကိတ်မုန့်စီစဉ်ပြီး ဂုဏ်ပြုခဲ့တာပါ။

ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းရဲ့ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ခြေစစ်ပွဲ ၂ ပွဲစလုံးမှာ ၂ ဂိုးစီ သွင်းယူနိုင်ခဲ့ကာ အသင်းက လည်း ရမှတ် ၆ မှတ် ရရှိခဲ့တာ ဖြစ်ပါတယ်။ ပေါ်တူဂီအသင်း ခေါင်းဆောင်ဟာ လက်ရှိအချိန်မှာ နိုင်ငံအသင်း အတွက် ၁၂၂ ဂိုးအထိ သွင်းယူထားပြီး နိုင်ငံတကာသွင်းဂိုး အများဆုံး ကစားသမားအဖြစ်လည်း စံချိန်တင် ထားတာပါ။

ရော်နယ်ဒိုကိုတွေ့ရစဉ်

ယူနိုက်တက်အသင်းနဲ့ စာချုပ် ဖျက်သိမ်းပြီးနောက် ဆော်ဒီကလပ်ထံ ပြောင်းရွှေ့ခဲ့တဲ့ ရော်နယ်ဒိုဟာ အယ်လ်နာဆာ အသင်းအတွက် ၁၀ ပွဲ ကစားအပြီးမှာ ၉ ဂိုးအထိ သွင်းယူထားတာ ဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းဟာ လာမယ့် ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်အက်ဒါလက်အသင်းနဲ့ ဧပြီလ ၅ ရက်မှာ ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ရော်နယ်ဒိုကပဲ အသင်းကို ဦးဆောင်ပြီး ပွဲထွက်လာဖို့ ရှိနေတာပါ။

အခုနှစ်ရာသီ ဆော်ဒီပရိုလိဂ်ပွဲစဉ် ၂၁ ပွဲကစားအပြီးမှာ အယ်လ်အစ်တီဟတ် အသင်းက ရမှတ် ၅၀ နဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေပြီး အယ်လ်နာဆာအသင်းက ရမှတ် ၄၉ မှတ်နဲ့ အဆင့် ၂ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။

Source: Goal