CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁

ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ချယ်လ်ဆီးကနေ ထုတ်ပယ်ခံရတာကို အခုအချိန်ထိ နာကျင်နေရဆဲပဲလို့ ဘိုင်ယန် မြူးနစ်နည်းပြသစ် တူချယ်လ်က ပြောခဲ့ပါတယ်။

တူချယ်လ်က “ဒါကို အခုထိ နာကျင်နေတုန်းပါပဲ။ ဒီမှာရှိတဲ့လူတွေကို နေ့တိုင်း မတွေ့နိုင်တော့ပါဘူး။ဒီအလုပ်ကို ကျနော်ချစ်တယ်၊ ပြီးတော့ အလွန်စိတ်အားထက်သန်ခဲ့တာပါ။ ကျနော်တို့ဟာ ဒီလိုအခြေအနေတွေမှာ ထူးခြားတဲ့ နှောင်ကြိုးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ကျနော်တို့ဟာ ကိုဗစ်ကာလအတွင်းမှာ စတင်ခဲ့ကြပေမယ့် အဲဒီ နောက်မှာ ပိုင်ရှင်တွေကလည်း အပြောင်းအလဲဖြစ်လာခဲ့ပါတယ်။ကျနော်တို့ဟာ မိသားစုလိုခံစားခဲ့ရတဲ့ အဖွဲ့ အစည်းဖြစ်ခဲ့ပြီး ဒါဟာ ပြောင်းလဲသွားမှာမဟုတ်ဘူး” လို့ ပြောခဲ့တာပါ။

တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကို ကိုင်တွယ်ခဲ့တဲ့ ပထမရာသီမှာတင် ချန်ပီယံလိဂ်ဖလားကို ရယူပေးနိုင်ခဲ့ပြီး အဲဒီနောက်မှာ ဥရောပ စူပါဖလား၊ ကလပ်ကမ္ဘာ့ဖလားတို့ကို ရယူပေးနိုင်ခဲ့သလို ကာရာဘောင်းနဲ့ အက်ဖ်အေ ဖလားပြိုင်ပွဲတွေရဲ့ ဗိုလ်လုပွဲကိုလည်း ရောက်အောင်ပို့ဆောင်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမယ့် အခုနှစ်ရာသီ အစောပိုင်းက ဒိုင်နမိုဇာဂရက်အသင်းကို ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် ချယ်လ်ဆီး အသင်းဟာ တူချယ်လ်ကို နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။

ဒီထုတ်ပယ်ခံရမှုဟာ ပိုင်ရှင်သစ် တောဒ့်ဘိုလီအသင်းကို ပိုင်ဆိုင်မှုရက် ၁၀၀ ပြည့်တဲ့နေ့ဖြစ်ပြီး တူချယ်လ်ရဲ့ နေရာမှာ ဂရေဟမ်ပေါ်တာကို အစားထိုးခန့်အပ်ခဲ့တာပါ။တူချယ်လ်ကတော့ သူ့ကို ထုတ်ပယ်ခဲ့တဲ့ အစည်းအဝေး ဟာ မိနစ်အနည်းငယ်ပဲ ကြာမြင့်ခဲ့တယ်လို့လည်း ပြောခဲ့တာဖြစ်ပါတယ်။

တူချယ်လ်က “ဒါက တုန်လှုပ်စရာပါပဲ။လေ့ကျင့်ရေးစင်တာကို ကားမောင်းသွားတဲ့အချိန်မှာ ထူးထူးခြားခြား ခံစားခဲ့ရပါတယ်။ကျနော်တို့ တွေ့ဆုံတဲ့အစည်းအဝေးက မိနစ်အနည်းငယ်ပဲ ကြာမြင့်ခဲ့ပါတယ်။၃ မိနစ်ကနေ ၅ မိနစ်ပဲ ကြာမြင့်တာပါ။ဒီဆုံးဖြတ်ချက်ဟာ ကျနော်တို့အားလုံးအတွက် တုန်လှုပ်စရာဖြစ်ခဲ့ပါတယ်။ဒီအချိန်ဟာ ကျနော်တို့အတွက် အချိန်မှန်၊နေရာမှန်ရောက်နေတယ်လို့ ခံစားခဲ့ရတာပါ။အောင်မြင်မှုလည်း ကြီးကြီးမားမား ရယူနိုင်မယ်လို့ ခံစားနေရပြီး ရိုးရိုးသားသားပြောရရင် ဒီမှာ အချိန်အကြာကြီး ဆက်ရှိချင်ပါတယ်” လို့ ပြောခဲ့တာ ပါ။

တူချယ်လ်ဟာ ချယ်လ်ဆီးအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် အသင်းလက်မဲ့အဖြစ် ရှိခဲ့ပေမယ့် မကြာသေးခင် ရက်ပိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ဂျာမန်လူမျိုးနည်းပြဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အခုနှစ်ရာသီ ဆုဖလားတွေအားလုံး ရယူသွားချင်တယ်လို့ ပြောထားတာဖြစ်ပါတယ်။

Source:BBC