CNI International News

မင့်ခ်၊ မေလ ၂၃

ဘယ်လာရုစ် ပြည်တွင်း၌ အာဏာရှင်သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုအား ဝေဖန်မိလျှင် ဖမ်းဆီးခံရလေ့ရှိသဖြင့် ပြည်တွင်းမှ မဖြစ်မနေ ထွက်ပြေးရသူများအတွက် ရွေးချယ်စရာတစ်ခုမှာ လက်ရှိ ယူကရိန်းမြေပေါ်၌ ကျူးကျော် တိုက်ခိုက် နေသော ရုရှားတပ်များကို ယူကရိန်းနှင့်အတူလက်တွဲ တိုက်ခိုက်ရေး ဖြစ်လာခဲ့သည်။

ယူကရိန်းရှိ ရုရှားတပ်များကို တိုက်ခိုက်ခြင်းသည် လူကာရှန်ကို အစိုးရကို တွန်းလှန်ရန် ဘယ်လာရုစ် နိုင်ငံသားအချို့ ယခုအခါ စည်းလုံးညီညွတ်သော သံန္နိဋ္ဌာန်ဖြင့် စစ်မျက်နှာဘက်သို့ ဦးတည်လာကြကြောင်း အေပီသတင်းအရ သိရသည်။

အဆိုပါ လုပ်ရပ်သည် ယူကရိန်းလူမျိုးများကို ညီနောင်သားချင်းများအဖြစ် မှတ်ယူခံစားသော ဘယ်လာရုစ် နိုင်ငံသားများအတွက် ပေးဆပ်ရမှုနှုန်း အထူးမြင့်မားသည်ဟု အေပီက ဆက်လက် ရေးသားသည်။

ရုရှားသည် စစ်ပွဲအစောပိုင်းတွင် ယူကရိန်းကို ကျူးကျော်သည့် ထိုးစစ်သည် ဘယ်လာရုစ်နယ်မြေကို အသုံးပြုခဲ့ပြီး လူကာရှန်ကိုက ဗလာဒီမာပူတင် အား “အစ်ကိုကြီး” ဟု သုံးနှုန်းလျက် ဘယ်လာရုစ် အစိုးရအနေဖြင့် နှစ်ပေါင်းများစွာ မဟာမိတ်ဖြစ်ခဲ့မှုကို ရပ်တည်ပြခဲ့သည်။

ဘယ်လာရုစ်သမ္မတ အလက်ဇန္ဒားလူကာရှန်ကို (AP)

လူကာရှန်ကို၏ ဆိုဗီယက်ပုံစံ အုပ်ချုပ်မှု၊ နိုင်ငံတော်မှ ထိန်းချုပ်ထားသော စီးပွားရေးကို စွမ်းအင် အရင်းအမြစ်များ ဈေးပေါပေါဖြင့် ဝယ်ခြင်း၊ ချေးငွေများ ဒေါ်လာ ဘီလီယံနှင့်ချီ၍ ထုတ်ပေးခြင်းတို့ဖြင့် ရုရှားက ဘယ်လာရုစ်နိုင်ငံအပေါ် တစိတ်တပိုင်း ချယ်လှယ်နေခဲ့သည်။

ပူတင်ကို အားပျော့စေခြင်းသည် လူကာရှန်ကိုအပေါ် အားပျော့စေခြင်းဖြစ်ကြောင်း ယခု ဘယ်လာရုစ် နိုင်ငံသားအချို့က လက်ခံ ယုံကြည်ထားကြပြီး ၁၉၉၄ ခုနှစ်ကတည်းက ဖိနှိပ်အုပ်ချုပ်နေခဲ့သော ၎င်းအစိုးရကို ဖြုတ်ချနိုင်ခြင်းဖြင့် ၁၀ သန်းနီးပါးရှိသော နိုင်ငံ၏လူဦးရေကို ဒီမိုကရေစီ အပြောင်းအလဲသို့ ဆောင်ကြဉ်းပေးနိုင်မည်ဟု ယူဆနေကြသည်။

ဘယ်လာရုစ်နိုင်ငံသား အများစုသည် ၎င်းတို့၏ အခြေစိုက်စခန်းကို ဘယ်လာရုစ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်နေသော နေတိုးအုပ်စုဝင် ပိုလန်နိုင်ငံ၏ အရှေ့ဘက်ခြမ်း၌ ရွေးချယ်ခဲ့ကြသည်။ ပိုလန်သည် ယူကရိန်းမှ စစ်ဘေးရှောင် ဒုက္ခသည်များ မဝင်ရောက်လာမီကပင် ဘယ်လာရုစ် အစိုးရ ဆန့်ကျင်ရေး လုပ်ကိုင်သူများအတွက် ခိုလှုံစရာ ဖြစ်နေခဲ့သည်။


ဘယ်လာရုစ်နိုင်ငံသား ဗာဒင်ပရိုကိုပစ်ဗ် (AP)

ဘယ်လာရုစ် စေတနာ့ဝန်ထမ်း တိုက်ခိုက်ရေး သမားများသည် ယခုအခါ ပိုလန်နိုင်ငံထဲတွင် ရှိနေကြပြီဖြစ်ပြီး အချို့က ယူကရိန်းဘက်သို့ သွားသည့်လမ်းကြောင်းပေါ်သို့ ခေတ္တဖြတ်သန်း သွားလာနေကြသည်။

“ဘယ်လာရုစ်ကို လွတ်မြောက်ဖို့ ခရီးရှည်တစ်ခုကို ဖြတ်သန်းရဦးမယ်ဆိုတာ ကျနော်တို့ နားလည်ပါတယ်။ အခု ယူကရိန်း စစ်ပွဲကနေ ကျနော်တို့ အဲဒီခရီး စမှာပါ” ဟု မင့်ခ်မြို့တွင် စားသောက်ဆိုင်များ ဖွင့်လှစ် လုပ်ကိုင်ခဲ့ဖူးသူ အသက် ၅၀ အရွယ် စီးပွားရေးသမား ဗာဒင်ပရိုကိုပစ်ဗ်က ပြောကြားခဲ့သည်။

ဘယ်လာရုစ်အစိုးရသည် အသေးစား လုပ်ငန်းများအတွက် လုံလောက်စွာ ပံ့ပိုးမှုမရှိကြောင်း အများသိအောင် ပြောကြားမိ သဖြင့် ဖမ်းဆီးခံရနိုင်သည်ဟု ကောလာဟလ ထွက်ပေါ်ပြီးနောက် ဗာဒင်ပရိုကိုပစ်ဗ်လည်း ပြည်တွင်းမှ ထွက်ပြေးလာခဲ့သည်။

Source: AP