CNI International News

မော်စကို၊ နိုဝင်ဘာ ၂၀

၂၀၂၂ ခုနှစ်က ပိတ်ဆို့မှုများ ချမှတ်ခံခဲ့ရပြီးနောက် ရုရှားနိုင်ငံ၏ စီးပွားရေး ခြိမ်းခြောက်ခံခဲ့ရသော်လည်း စီးပွားရေးပြိုလဲမည့် အခြေအနေကို ရှောင်လွှဲနိုင်ခဲ့ကြောင်း ကရင်မလင် (Kremlin)နန်းတော်၏ ပြောရေးဆိုခွင့်ရှိ သူ ဒီမီထရီ ပက်စ်ကော့ဗ် (Dmitry Peskov) က ပြောကြားခဲ့ကြောင်း တာ့စ်သတင်းဌာနမှ ဖော်ပြခဲ့သည်။

ပက်စ်ကော့ဗ်သည် "မော်စကို၊ ကရင်မလင်၊ ပူတင် ရုပ်သံ အစီအစဉ်" အင်တာဗျူးတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

"စီးပွားရေးပြိုလဲမယ့် ခြိမ်းခြောက်မှု ရှိခဲ့ပါတယ်။ ကျနော်တို့ဟာ စီးပွားရေးပြိုလဲမယ့် အခြေအနေကို ဟန့်တားဖို့ အတွက် ပြည်တွင်းအင်အားစုတွေနဲ့ သယံဇာတ အရင်းအမြစ်တွေ အားလုံးကို စုစည်းခဲ့ရပါတယ်" ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

ရုရှားစီးပွားရေး အတက်အကျကို ပြသထားစဉ်

ထိုအချိန်က ရုရှား၏ စီးပွားရေးသည် မကြုံစဖူး ပိတ်ဆို့မှုများ၏ ဝန်ထုပ်ဝန်ပိုးကို ခံခဲ့ရသည်ဟုလည်း ၎င်းက ပြောသည်။

"ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံကမှ ဒါမျိုး ရင်မဆိုင်ခဲ့ဖူးပါဘူး။ သဘောတရားအရ ဘယ်နိုင်ငံကမှ အဲဒီလို ထိုးနှက်ချက် ကို တောင့်ခံနိုင်စွမ်း မရှိပါဘူး" ဟု ပက်စ်ကော့ဗ်က ပြောသည်။

နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ရှိသည့် ဆုံးဖြတ်ချက်၊ အစိုးရ၏ ကြီးမားသော  ဆောင်ရွက်ချက်များ ကြောင့် ထိုအချိန်က စီးပွားရေးတိုးတက်မှု တန့်သွားသည့် အခြေအနေကို ဖြေရှင်းနိုင်ခဲ့သလို ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းပေါ် ရောက်ရှိခဲ့သည်ဟု ပက်စ်ကော့ဗ်က ပြောသည်။

ထိုရည်ရွယ်ချက်အတွက် အရာအားလုံး ပြီးမြောက်ခဲ့သော်လည်း ရုရှား၏ လက်ရှိ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို ခန့်မှန်းရန် ခက်ခဲသည်ဟု ၎င်းက ပြောသည်။

ဥရောပကော်မရှင်ကမူ ရုရှား၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၂ ရာခိုင်နှုန်းရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ပက်စ်ကော့ဗ်ကမူ ၃ ရာခိုင်နှုန်းနီးပါးရှိသည်ဟု ဆိုသည်။

"အခုချိန်မှာ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ထိန်းထားဖို့ဟာ တာဝန်တစ်ခု ဖြစ်လာပါတယ်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှုန်း ၃ ရာခိုင်နှုန်းဟာ မလုံလောက်သေးပါဘူး။ ဒီထက်ပိုပြီး မြင့်တက်ဖို့ လိုပါတယ်။ ဒါကို လူတိုင်း နားလည်ပါ တယ်။ ကျနော်တို့အနေနဲ့ ကွာဟချက်တွေ အများကြီးကို ဖြည့်ဖို့လိုပါတယ်" ဟု ပက်စ်ကော့ဗ်က ပြောကြားခဲ့ သည်။