CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၉

ခရီးသွားများအနေဖြင့် ပုဂံနှင့် ချောင်းသာတို့တွင် သီတင်းကျွတ်ပိတ်ရက်အတွက် လာရောက်လည်ပတ်ရန် ဟိုတယ်ဘိုကင်ယူထားမှုမှာ အပြည့်နီးပါးဖြစ်နေကြောင်း သက်ဆိုင်ရာဒေသများရှိ ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတို့က CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသတွင် အောက်တိုဘာ ၂၇ ရက်မှ စတင်ကာ ၃၀ ရက်နေ့အထိ ၄ ရက်တာအတွက် ဟိုတယ်ဘိုကင် ယူထားကြခြင်းဖြစ်ပြီး ယခုနှစ်တွင် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုပါ များလာကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ် က CNI သတင်းဌာနသို့ ပြောသည်။

“သီတင်းကျွတ်ကတော့ ပြည့်သလောက်နီးပါးပဲ။ အဲဒီ ၄ ရက်လောက်တော့များတယ်။ အဲဒီအရှေ့တော့ နည်းနည်း ခပ်ကျဲကျဲပဲ သိပ်မရှိဘူး ပါးတယ်။ ပုဂံဘက်ကတော့ မိုးပြတ်သွားတယ်။ တစ်ပတ် ၁၀ ရက်လောက် ရှိသွားပြီ။ အဲဒါတွေလည်း ပါမလားမပြောတတ်ပါဘူး။ မိုးကတော့ ရှင်းသွားတယ်။ ဧည့်သည်လေးတွေတော့ မဆိုးပါဘူး ရှိပါတယ်။ နိုင်ငံခြားသားလေးတွေလည်း ရှိတယ်။ Group Tour တွေဝင်တာရှိတယ်။ ကိုရီးယားတွေတို့ ဂရိတွေတို့ အဲဒါမျိုးတွေ ဝင်လာတာရှိတယ်။ ယိုးဒယားတွေတို့ အုပ်စုလိုက် Tour လေးတွေ ဝင်လာပါတယ်။ အများကြီးတော့ မဟုတ်ဘူးပေါ့ ခပ်ကျဲကျဲပေါ့။ အရင်ထက်စာရင်တော့ နည်းနည်းဝင်လာတာပေါ့။ မနှစ်ကတော့ လုံးဝမရှိဘူး။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် ပိုဝင်လာတယ်” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ပုဂံဒေသတစ်ခုလုံး၌ ဟိုတယ်အခန်း အနည်းငယ်လောက်သာ ကျန်ရှိတော့မည်ဖြစ်ပြီး ပြီးခဲ့သည့် နှစ်နှင့်ယှဉ်ပါက ယခုနှစ် သီတင်းကျွတ်ပိတ်ရက်တွင် ပုဂံဒေသ၌ ဟိုတယ်ဘိုကင်ယူထားမှုမှာ ပိုများကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန(ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ယခုကဲ့သို့ များရခြင်းသည် ပုဂံဒေသသည် အခြားဒေသများနှင့်ယှဉ်ပါက လေယာဉ်၊ ကား၊ ရထား ကြိုက်နှစ်သက်ရာဖြင့် လာရောက်နိုင်ပြီး လမ်းပန်းဆက်သွယ်ရေးလွယ်ကူသောကြောင့် ဖြစ်နိုင်ကြောင်းလည်း ၎င်းက ပြောသည်။

ချောင်းသာကမ်းခြေသို့ ရောက်ရှိလာသည့် ခရီးသွားများ

“ပေါင်းစုံ အခုဟာက ကျောင်းပိတ်တဲ့ကာလလည်း ဖြစ်သွားပြီပေါ့။ အဲဒီတော့ မိသားစုအလိုက်လာကြတယ်။ သူငယ်ချင်းတွေ စုပြီးတော့ လာကြတယ်။ ဒီပိတ်ရက်ကလည်း ဖြစ်နေတဲ့အခါကြတော့ ရုံးလုပ်ငန်းပဲဖြစ်ဖြစ် ခရီးသွားတို့လို ကုမ္ပဏီတွေကပဲဖြစ်ဖြစ်ပေါ့။ ဒီအားလပ်ရက်လေးမှာ သီတင်းကျွတ်ကို လာကြတာပေါ့။ အထူးသဖြင့်က ဒီရက်ကလည်း ဗုဒ္ဓဘာသာဝင်တွေရဲ့ တကယ့် နေ့ထူးနေ့မြတ်ဖြစ်တယ်။ အဲဒါကြောင့်မို့လို့ ဒီမှာ အလှူအတန်းတွေလုပ်မယ်၊ ဆီမီးထွန်းမယ် စသည်ဖြင့်ပေါ့။ ဒီမှာက ဧရိယာလည်းအကျယ်ကြီးဖြစ်တယ်၊ ဘုရားစေတီပုထိုးပေါင်းကလည်း အများကြီးရှိတာကို။ တစ်နေရာတည်းလည်း ပြည့်ကျပ်မနေဘူးလေ။ နောက် သွားရတာလည်း အရသာက မတူဘူးပေါ့ ဒီခံစားမှုတွေလည်း ပါပါတယ်။ ဟိုတယ်အလိုက်ကတော့ သူ့ရဲ့ ဟိုတယ် ပရိုမိုးရှင်းအနေနဲ့တော့ လုပ်တာရှိပါတယ်။ အစားအသောက်တွေနဲ့ တွဲရောင်းတာပေါ့။ အခြား entertainment လေးတွေပေါ့။ တချို့ဟိုတယ်တွေကလည်း အခု balloon က ပျံနေပြီလေ မီးပုံးပျံတွေက။ မီးပုံးပျံက ပျံနေပြီဖြစ်နေတဲ့အခါကြတော့ ဒါနဲ့လည်း တွဲပြီးရောင်းတာလည်း ရှိပါတယ်။ ပရိုမိုးရှင်းကတော့ ကိုယ့်ရဲ့ ဟိုတယ်အခြေအနေ လိုက်ပြီးတော့မှ အမျိုးမျိုး လုပ်ကြပါတယ်” ဟု ပြောသည်။

ထို့အပြင် ပုဂံဒေသသို့ ခရီးသွားဝင်ရောက်လာမှုသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၅၀ ရာခိုင်နှုန်းခန့် ပို၍ များပြားလာကြောင်းလည်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန(ပုဂံဌာနခွဲ)ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်က ဆက်ပြောသည်။

ကမ်းခြေဒေသတစ်ခုဖြစ်သည့်  ချောင်းသာတွင်လည်း ဟိုတယ်ဘိုကင်ယူထားမှုများ ၉၀ ရာခိုင်နှုန်းခန့် ပြည့်နေပြီ ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန (ချောင်းသာရုံးခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဇေယျက CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ချောင်းသာဒေသရှိ အသေးစား၊ အလတ်စား လုပ်ငန်းများအတွက် အထောက်အကူပြုစေရန် ဈေးပွဲတော် ကိုလည်း ယခုနှစ် သီတင်းကျွတ်ကာလတွင် ပြုလုပ်သွားရန်ရှိကြောင်းနှင့် မီးထွန်းပွဲတော်များလည်း ပြုလုပ်ရန် ရှိကြောင်း ၎င်းက ပြောသည်။

“ပြီးခဲ့တဲ့ သီတင်းကျွတ်ကလည်း သူ့ဟာသူတော့ ပြည့်တယ်။ များတယ်။ အခု ဒီနှစ်ကတော့ ပိုပြီးများတာပေါ့ မနှစ်ကထက်စာရင်။ ကြားရက် ပျမ်းမျှခြင်း တစ်ရက်ကို ၅၀၀ ကနေ ၆၀၀ အထိ ဝင်တယ် နေ့စဉ်ပေါ့။ စနေ၊ တနင်္ဂနွေပိတ်ရက်ဆိုရင်တော့ ၁၃၀၀၊ ၁၄၀၀ လောက်ဝင်ပါတယ်။ အခု သီတင်းကျွတ်ကို ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၁ ရက်နေ့ လာမယ့် စနေနေ့မှာ MSME ဈေးပွဲတော်ပေါ့။ အဲဒါကျင်းပဖို့အတွက်ကို အခု ဆိုင်ခန်းတွေ ဆောက်နေပါပြီ။ စနေ၊ တနင်္ဂနွေ ၂ ရက်လုပ်ပါမယ်။ ခရိုင် ၈ ခရိုင်ကနေမှ သူတို့ရဲ့ဒေသ ထွက်ကုန်တွေကိုပေါ့ ခရိုင်မှူးတွေကိုယ်တိုင် လာကြီးကြပ်ပြီးတော့ အဲဒါတွေကို လာပြသပေးမှာ ဖြစ်ပါတယ်။ ကျနော်တို့ ချောင်းသာကတော့ ပြည်တွင်းပဲ လာရောက်လည်ပတ်တာများတယ်။ ပြည်ပကတော့ ငွေဆောင်ကိုပဲ ဝင်တာပေါ့နော်။ ကျနော်တို့က နဂိုကတည်းက ပြည်ပခရီးသွားဧည့်သည် နည်းတယ်။ နည်းတယ်ဆိုတာက ကမ်းခြေက တိုတယ်လေ ၁.၅ မိုင်ပဲရှိတယ်။ ငွေဆောင်ကြတော့ ၈မိုင်၊ ၉ မိုင်လောက်ရှည်တာကို။ ကမ်းခြေတိုတဲ့ အခါကြတော့ နိုင်ငံခြားသားတွေက ပြည်ပခရီးစဉ်ပေါ့ သိပ်မကြိုက်ဘူး” ဟု ၎င်းက ပြောသည်။

သို့သော် သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလ ခရီးသွားအများအပြား ဝင်ရောက်လေ့ရှိသည့် ရှမ်းပြည်နယ်တွင် မူ ယခုနှစ် သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများမှာ ပုံမှန်အနေအထားသာရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သီတင်းကျွတ်ပိတ်ရက်နှင့်ယှဉ်ပါက နည်းပါးလှကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။