CNI News

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃

သီတင်းကျွတ် ပိတ်ရက် ကာလများတွင် ပုဂံ၊ ငွေဆောင်၊ ငပလီဘက်သို့ ခရီးသွား အများအပြား ဝင်ရောက်ခဲ့ ကြောင်း သက်ဆိုင်ရာဒေသရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက CNI သတင်းဌာနသို့ ပြောသည်။

သီတင်းကျွတ် ပိတ်ရက်ကာလဖြစ်သည့် အောက်တိုဘာ ၂၈ မှ ၃၀ ရက်နေ့အတွင်း ခရီးသွားဝင်ရောက်မှုသည် ပုဂံ၌ ၁ သိန်းကျော်၊ ငွေဆောင်၌ ၇ ထောင်ကျော် ရှိသည့်အနက် ပြည်ပခရီးသွား ၅၀၀ ဦးကျော် ပါဝင်ကြောင်း သိရသည်။

ထို့နောက် ငပလီ၌ ၄ ထောင်ကျော်ရှိပြီး ပြည်ပခရီးသွား ၇၀ ဦးခန့် ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သီတင်းကျွတ်ကာလ၌ ငပလီသို့ ခရီးသွားဝင်ရောက်မှု ၂ ထောင်ကျော်သာ ရှိခဲ့သော်လည်း ပြည်ပခရီးသွားဝင်ရောက်မှု တစ်ရာကျော်ခန့်ရှိခဲ့သဖြင့် ယခုနှစ်နှင့်နှိုင်းယှဉ်ပါက ပြည်တွင်းခရီးသွား ဝင်ရောက်မှု တိုးလာပြီး ပြည်ပခရီးသွားဝင်ရောက်မှု လျော့နည်းသွားသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင် “မနှစ်က Foreigner ၁၅၃ ယောက်ရှိတယ်။ အများကြီး မျှော်မှန်းထားတာပေါ့။ အခုမှ ရာသီက စတာလေ။ မိုးကုန်ခါနီးပဲ ရှိသေးတာကို။ အောက်တိုဘာဆိုတာက မိုးမကျွတ်သေးဘူးပေါ့။ အဲဒီတော့ အခုချိန်က စောသေးတာပေါ့။ လာမယ့် ရာသီက ပွင့်လင်းရာသီ ဖြစ်တဲ့အတွက် သွားလို့လာလို့လည်း ကောင်းပြီလေ။ ရုရှား Fan Trip ပြီးခဲ့တဲ့ ၂၈၊ ၂၉၊ ၃၀ လာသွားတာ ရုရှား Fan Trip တစ်ဖွဲ့လေ။ ၁၁ ယောက်တစ်ဖွဲ့လာသွားတယ်။ ခရီးသွား အေးဂျင့်တွေ ပါတယ်။ ကုမ္ပဏီပိုင်ရှင်တွေပါတယ်။ ဗမာပြည်ရဲ့ ခရီးစဉ် အခြေအနေအကြောင်းကို ရုရှားမှာ ပြန်ပြီးတော့ သတင်းပေးမှာ ပေါ့နော်။ သူတို့ကတော့ ဒီရေ သဘာဝကို တော်တော်ကြိုက်တယ်။ လာလို့ရှိရင် သဲသန့်တယ်၊ ရေသန့်တယ်၊ နောက်တစ်ခုက ရေက အပူအအေး မျှတတာပေါ့နော်။ အေးတဲ့အချိန် ရေထဲဆင်းသွားရင် နွေးနေတယ်။ သူ အံ့တောင် အံ့သြတယ် ရေထဲ ရောက်တော့လေ။ ရေ အပူ temperature ကိုလည်း သူတို့ကြိုက်တယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေမှာ အပန်းဖြေခရီးသွားများကိုတွေ့ရစဉ်

ထို့အပြင် ငွေဆောင် ကမ်းခြေဒေသ၌ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ခရီးသွား ၂ သိန်းကျော် ဝင်ရောက်ခဲ့ပြီး ယခုနှစ် ကာလတူတွင် ခရီးသွား ၃ သိန်းကျော် ဝင်ရောက်ခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ (ပုသိမ်၊ ငွေဆောင်ရုံးခွဲ) လက်ထောက် ညွှန်ကြားရေးမှူး ဦးစိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။ 

ငွေဆောင်သို့ ပြည်ပခရီးသွား ဝင်ရောက်မှု အများဆုံးမှာ တရုတ်နိုင်ငံသားဖြစ်ပြီး ဒုတိယအများဆုံးမှာ အိန္ဒိယ နိုင်ငံသား၊ တတိယအများဆုံးမှာ ရုရှားနိုင်ငံသား၊ စတုတ္ထအများဆုံးမှာ ဂျပန်နိုင်ငံသားနှင့် ပဥ္စမအများဆုံး ဝင်ရောက်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံမှ ဖြစ်ပြီး စုစုပေါင်း ၅ ထောင်ဦးကျော် ဝင်ရောက်ခဲ့ကြကြောင်း ၎င်းက ဆက်ပြောသည်။

ပုဂံဒေသက ရွှေစည်းခုံဘုရား သီတင်းကျွတ် လပြည့်ညကို တွေ့ရစဉ်

ဦးစိုးဝင်းက “မနှစ်ကတော့ သီတင်းကျွတ် ရုံးပိတ်ရက်ကာလက ၅ ရက်ဖြစ်တယ်လေ။ ဒီနှစ်ကတော့ ၃ ရက်တည်း ဖြစ်တာပေါ့။ ၃ ရက်တည်းဖြစ်တော့ ဒီနှစ်ကတော့ ခရီးသွားဧည့်သည် ဝင်ရောက်မှု တည်းခိုမှုကတော့ မနှစ်က ထက်စာရင် ပိုမိုလာတာ တွေ့ရပါတယ်။ မနှစ်ကနဲ့ ဒီနှစ် အလားတူကာလ ၁၀ လကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ခရီးသွားဧည့်သည် ဝင်ရောက်မှုက ၁၂၁,၇၀၄ ဦး ပိုမိုဝင်ရောက်လာတာကို တွေ့ရပါတယ်။ တိုးတက်မှု ရာခိုင်နှုန်း အနေနဲ့ဆိုရင်တော့ ၅၉ ရာခိုင်နှုန်း တိုးလာတာကို တွေ့ရှိရပါတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့အပြင် ဟိုတယ် ဘိုကင်ယူထားမှု ပုံမှန် အနေအထားသာရှိခဲ့သည့် ရှမ်းပြည်နယ်ဘက်တွင်လည်း သီတင်းကျွတ် ပိတ်ရက်နေ့၌ လာရောက်လည်ပတ်သည့် ပြည်တွင်းခရီးသွား အများအပြားရှိခဲ့ကြောင်း မြန်မာနိုင်ငံခရီးသွား လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အင်းလေးတို့၊ ကလောတို့ ဘက်မှာဆိုရင် ရန်ကုန်ကနေ သွားရောက်လည်ပတ်ကြတဲ့ ခရီးစဉ်တွေ များပါ တယ်။ အဲဒီဘက်ကို ခရီးသည်တွေ ဒီသီတင်းကျွတ် ပိတ်ရက်မှာ တော်တော်လေး များသွားပါတယ်။ အနောက် တိုင်း နိုင်ငံသားတွေဆို ခရီးစဉ်တွေကို ၆ လ တစ်နှစ်လောက် ကြိုပြီးတော့ ဆွဲကြတယ်။ မြန်မာလူမျိုးတွေကြ တော့ နှစ်ပတ် တစ်လပေါ့နော် အဲဒီလောက်ပဲ ကြိုပြီးတော့ ဆွဲကြတယ်။ အခုဆို တန်ဆောင်တိုင် ပိတ်ရက် အတွက်ကို ခရီးစဉ်တွေ ကြိုဆွဲပြီးတော့ တစ်ပတ် နှစ်ပတ်လောက်ကြာတော့မှ ခရီးစဉ်တွေအပေါ်မှာ ဘိုကင်တွေ တင်ပြီးတော့ အခန်းတွေ ပြည့်သွားတာမျိုး များပါတယ်။ ပြည်တွင်း ခရီးသွားက အားကောင်းတယ်။ ပြည်ပခရီး သွားကလည်း တိုးတက်မှုတော့ရှိတယ်။ အပေါင်း လက္ခဏာတော့ ‌ဆောင်တယ်။ positive ဆောင်တယ်။ ဒါပေမယ့် ဧည့်သည်တွေ အများအပြား ဝင်ရောက်တာမျိုး မရှိသေးဘူးပေါ့။ မနှစ်ကထက် စာရင်တော့ အများကြီး တိုးတက်လာပါတယ်၊ ပြည်တွင်းခရီးသွားကလေ။ ဒီနှစ် ဒီ ၁၀ လပိုင်းမှာလည်း ခရီးသွားတယ်။ လာမယ့် ၁၁ လ ပိုင်းနဲ့ ၁၂ လပိုင်း ပိတ်ရက်ပေါ့၊ ခရစ္စမတ်ရက်တွေမှာလည်း အများကြီး သွားလာကြဖို့ရှိပါတယ်” ဟု ပြောသည်။

လက်ရှိတွင် တန်ဆောင်တိုင် ပိတ်ရက်အတွက် အချို့ဒေသများ၌ ဟိုတယ်ဘိုကင် ယူထားမှုများ ရှိနေပြီဖြစ် ကြောင်း သိရသည်။