CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂၃

ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ၂၀၂၀ ခုနှစ်မှ စတင်၍ ရပ်နားထားရသည့် တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ  မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းများသည် ပြန်လည်စတင်နေပြီဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း ဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိ ခရီးသွားများလည်း ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

အဓိကအားဖြင့် ကော့သောင်း - ရနောင်းနယ်စပ် ပြန်လည်ဖွင့်လှစ်လိုက်ပြီ ဖြစ်ခြင်းကြောင့် ယခုခရီးသွားရာသီ တွင် မြိတ်ကျွန်းစု ခရီးစဉ်များလည်း ပြန်လည်စတင်ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနထံမှ တာဝန်ရှိသူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “သူက အဓိကကတော့ ကော့သောင်းဘက်က လာတဲ့ နယ်စပ်ကဝင်တဲ့ ဧည့်သည်တွေပေါ့လေ။ ကိုဗစ် တုန်းကတော့ ကော့သောင်း - ရနောင်းနယ်စပ်က ပိတ်ထားခဲ့တာကိုး။ အခုကျတော့ ပြီးခဲ့တဲ့ ၂၀၂၃၊ ၃ လပိုင်း ကစ ပြီး ပုံမှန် ပြန်ဖွင့်လိုက်ပြီလေ။ ပြန်ဖွင့်တော့ ဟိုဘက်ကလာတဲ့ နေ့ချင်းပြန် ခရီးသွား ဧည့်သည်တွေ ရှိတယ်။ နောက်တစ်ခါ စက်လှေနဲ့ လာမယ့် ဧည့်သည်တွေ ရှိတယ်။ နောက်တစ်ခါ ရွက်လှေနဲ့ လာမယ့် ဧည့်သည်တွေ ရှိ တယ်။ ဒီဧည့်သည်တွေ မြိတ်ကွန်းစုကို အဓိက လည်ပတ်ကြတာပေါ့။ ဆိုတော့ သူတို့ ဝင်လို့ထွက်လို့ ရပြီဆိုတော့ ဒါကြောင့်မို့လို့ ခရီးသွားရာသီမှာ ပြန်ဖွင့်ပြီဆိုပြီးတော့ တချို့ဒေသခံ ခရီးသွားကုမ္ပဏီတွေက ကြော်ငြာနေတာ ရှိ တာပေါ့။ ကိုဗစ်ကြောင့် ရပ်သွားတဲ့ ကာလကလည်း ၂ နှစ်ခွဲလောက် ဖြစ်သွားတာလေ။ ဆိုတော့ အခုချိန်မှာ ပြန် ပြီးတော့ အစပြုတာပေါ့။ တဖြည်းဖြည်းတော့ ကျနော်တို့ ကိုဗစ်မတိုင်ခင်ကာလ အခြေအနေ ရောက်ဖို့ကတော့ နည်းနည်းခက်တယ်။ ဒါပေမယ့် အခုကတော့ အရှိန်ယူတဲ့ကာလ ဖြစ်သွားမှာပေါ့လေ။ တဖြည်းဖြည်းတော့ နောက် ပိုင်း ရာသီကျရင် ပုံမှန် ကိုဗစ်မတိုင်ခင်က အချိန် ပြန်ရောက်သွားမယ်လို့ မှန်းထားပါတယ်” ဟု ပြောသည်။

မြိတ်ကျွန်းစုကို တွေ့ရစဉ်

မြိတ်ကျွန်းစု ခရီးစဥ်များသည် သမီးလှ၊ လေးကျွန်း၊ ဒုံးရေတံခွန်၊ ဒုံးညောင်မှိုင်း၊ စမတ်ကျွန်း၊ ပဒန်းကျွန်း၊ ကြယ်လိပ် စသည့် ခရီးစဥ်များ ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် မြိတ်ကွန်းစု ခရီးစဉ်နှင့် ပတ်သက်၍ စီစဉ်နေပြီဖြစ်သော်လည်း ယခင်ကထက် တည်းခိုစရိတ်၊ သွား လာစရိတ်နှင့် စားသောက်စရိတ်များသည် အဆမတန် ကြီးမြင့်နေခြင်းကြောင့် မြိတ်ကျွန်းစုသို့ လာရောက်မည့် ခရီးသွား အလားအလာသည် နည်းပါးနိုင်သည်ဟု မြိတ်မြို့မှ ခရီးသွားလုပ်ငန်းရှင် ဦးအာကာက CNI သတင်းဌာန သို့ ပြောသည်။

မြိတ်ကျွန်းစုကို တွေ့ရစဉ်

၎င်းက “ဝင်ရောက်မှု များလာနိုင်လားဆိုတာက လမ်းပန်းဆက်သွယ်ရေး၊ ကုန်ဈေးနှုန်း၊ ကျနော်တို့ဆီမှာက မီးခ ဆိုရင်လည်း ဈေးကြီးတယ်၊ ၂၀၀၀ ကျော် ရှိတယ်။ ၂၀၀၀ ကျော် ရှိတဲ့အတွက် ဟိုတယ်တွေကလည်း rate ကို မချ နိုင်ဘူး။ နောက်တစ်ခုက စင်းလုံးနဲ့ သွားမယ်ဆိုတော့လည်း ဆီဈေးက နည်းနည်းပဲ ကျသေးတယ်။ ကိုဗစ် မတိုင် ခင်ကလောက် မဖြစ်သေးဘူး။ ကိုဗစ်မတိုင်ခင်က ကျနော်တို့ ၆ သိန်း၊ ၇ သိန်းလောက် သွားလို့ရတယ်။ အခုက မဟုတ်ဘူး။ ၁၃ သိန်းလောက် ကုန်ကျနေတယ် ဆီဖိုးက။ တခြားဝန်ဆောင်မှုနဲ့ သွားပေါင်းလိုက်ရင် သိန်း ၂၀ လောက် ဖြစ်သွားတယ်။ ဒီ rate ကို သုံးနိုင်တဲ့ ခရီးသွားလာမှပဲဆိုတော့ အလားအလာကတော့ မများသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေယာဉ်ခပဲ ကြည့်လေ အသွား ၂ သိန်း အပြန် ၂ သိန်း၊ တခြားစရိတ်နဲ့ဆိုရင် ၅ သိန်းရှိမှ ဒီကိုလာလို့ရမယ်။ စရိတ်မြင့်သွားတာကိုး။ ရွေးချယ်မှု အပိုင်းကို ကြည့်မယ်ဆိုရင် မြေပြန့်ဒေသပဲ သွားမှာပဲ။ ရှမ်းပြည်နယ်တို့၊ ပုဂံတို့၊ အင်းလေးတို့၊ ချောင်းသာတို့ သွားနေကြတယ်လေ။ ကျနော်တို့က ၂ သိန်းဆိုတော့ သူက ကား ၂ သိန်း စင်းလုံးငှားဆိုတော့ ၃ ညအိပ်တောင် သွားလို့ရတယ်လေ။ တချို့ဆို rate တက်တာပေါ့။ ထူးထူးခြား ခြား ကျွန်းတွေကို မြင်ချင်တယ် လာချင်တယ် တတ်နိုင်တဲ့သူတွေကျတော့ ၊ ကားနဲ့ကျတော့လည်း တိုက်ပွဲတွေက ရှိနေတော့ သွားလို့ကလည်း အဆင်မပြေတော့ အလားအလာ နည်းနည်း နည်းသွားမယ်” ဟု ပြောသည်။

မြိတ်ကျွန်းစု ခရီးစဉ်များအနေဖြင့် လေးကျွန်းမှ သမီးလှကျွန်းကို တစ်ဦးလျှင် ၂ သိန်းကျပ်၊ ဒုံးရေတံခွန်မှ စမတ် ကျွန်းကို ၂ သိန်းခွဲကျပ်၊ စမတ်ကျွန်းနှင့် ပဒန်းကျွန်းကို ၃ သိန်းကျပ်နှင့် ကြယ်လိပ်မှ စမတ်ကျွန်းကို ၃ သိန်းခွဲကျပ် စသဖြင့် အသီးသီးရှိကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများက ဖော်ပြထားကြသည်။

မြိတ်ဒေသတွင် ကျွန်းပေါင်း ၈၀၀ ကျော်ရှိပြီး ရေပေါ်ရေအောက် ရှုခင်းများကို ကြည့်ရှုခြင်းနှင့် ဆလုံမျိုးနွယ်စု အကြောင်းများကို လေ့လာနိုင်သည်။