CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ကြသည့် ဘုရားဖူးများကို ထီးလိုမင်းလိုဘုရားကြီး အပါအဝင် ယခင်က တက်ရောက်ခွင့် ပြုခဲ့သည့် ဘုရားများ၏ အထက်ပစ္စယံပေါ်သို့ ပြန်လည် တက်ရောက်ခွင့်ပြုရန် ဆွေး နွေးမှုများ ပြုလုပ်နေသည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

ယခင်က ဘုရားဖူးများသည် ထီးလိုမင်းလိုဘုရားကြီး၊ ကန်တော့ပလ္လင်နှင့် စူဠာမဏိဂူဘုရားကြီး စသည့် ဘုရားများ ၏ အထက်ပစ္စယံပေါ်သို့ တက်ရောက်၍ ဘုရား၊ စေတီ၊ ပုထိုးများကို ကြည်ညိုဖူးမြော်ကြသလို ပုဂံဒေသ၏ အလှအပများအား ကြည့်ရှုခံစားကြသည်။ 

သို့သော် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လက ပုဂံဒေသတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် အာနန္ဒာဘုရား၊ သဗ္ဗေညု၊ ကန်တော့ပလ္လင်၊ ထီးလိုမင်းလိုဘုရားနှင့် စူဠာမဏိဂူဘုရားကြီး အပါအဝင် စေတီ-ပုထိုးပေါင်း ၃၈၉ ဆူ ပျက်စီးခဲ့ ကြောင်း၊ ထို့ကြောင့် ဘုရားများ၏ အထက်ပစ္စယံသို့ တက်ရောက်ခြင်းကို ပိတ်ပင်ခဲ့သည်။

လက်ရှိတွင် သဗ္ဗေညုဘုရားမှအပ ကျန်ဘုရားစေတီများသည် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ဘုရားများ၏ ကြံ့ခိုင်မှု အပေါ် မူတည်၍ ပြန်လည်တက်ရောက်ခွင့် ပြုခြင်း မပြုခြင်းအား ဆွေးနွေးနေကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက CNI သတင်းဌာနသို့ ပြောသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှု အလှကို တွေ့ရစဉ်

၎င်းက “လောလောဆယ်တော့ By Name နဲ့ တပ်ပြီးတော့ မဖြစ်သေးပါဘူး။ လောလောဆယ်တော့ ထီးလိုမင်းလို ဆိုပြီးတော့ အဲဒီလို By Name တပ်ပြီးတော့ မပြောသေးပါဘူး။ ဘယ်ဘုရားတွေတော့ ကြံ့ခိုင်မှုရှိတယ်ပေါ့၊ အဓိက က အထင်ကရ ဘုရားတွေပေါ့နော်၊ သဗ္ဗေညုကတော့ ထားလိုက်တော့ သဗ္ဗေညုကတော့ ကျနော်တို့ ပြင်ဆင်နေ တဲ့ ကာလပေါ့နော်။ တရုတ်နိုင်ငံ ပြင်ဆင်နေတဲ့ ကာလဆိုတော့ သဗ္ဗေညုကတော့ မပါဘူး။ ထီးလိုမင်းလိုပါမယ်၊ စူဠာမဏိပါမယ်။ 

ကန်တော့ပုလ္လင်ပါမယ် စသဖြင့်ပေါ့နော် ဂူဘုရားတွေကို ပေါ့နော်။ ဘယ်ဘုရားရယ်လို့တော့ မဟုတ်ဘူး၊ နာမည်ရှိတဲ့ ဘုရားတွေပေါ့နော်၊ အရင်တုန်းကလည်း တက်ခွင့်ပြုခဲ့တဲ့ ဘုရားတွေပေါ့နော် အဲဒီလို ဘုရားတွေကို တက်ခွင့် ပြုနိုင်ရေး၊ မပြုနိုင်ရေးပေါ့နော် သုံးသပ်ဖို့ ဆွေးနွေးနေတဲ့ ကာလပဲ ဖြစ်ပါတယ်” ဟု ပြော သည်။

ပြန်လည်တက်ရောက်ခွင့် ပြုရာတွင် အချိန်အကန့်သတ်ဖြင့်လည်းကောင်း၊ လူဦးရေ အကန့်အသတ်ဖြင့်လည်း ကောင်း ခွင့်ပြုသွားမည်ဟု သိရသည်။

ယခင်က တက်ရောက်ခွင့် ပြုခဲ့သည့် ဘုရားစေတီများထဲမှ ဂေါပကအင်အားနှင့် လုံခြုံရေးအင်အား များပြားသည့် ဘုရားများကို အဓိကထားပြီး တက်ရောက်ခွင့် ပြုသွားနိုင်ကြောင်း၊ လုံခြုံရေးနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ် ထိန်းသိမ်းမှုအပိုင်းတွင် သက်ဆိုင်ရာ ဘုရားဂေါပကများ၏ စီမံခန့်ခွဲမှုအပေါ်၌ မူတည်သည်ဟု ညွှန်ကြား ရေးမှူး ဦးကျော်မျိုးဝင်းက ဆက်ပြောသည်။

၎င်းက “အဓိကကတော့ ဖြစ်နိုင်ခြေ အများဆုံးကတော့ ဂေါပကရှိတဲ့ ဘုရားတွေပေါ့၊ ဂေါပကရှိတဲ့ ဘုရားတွေမှာမှ လုံခြုံရေးအင်အား တောင့်တင်းတဲ့ ဘုရားတွေဆိုရင်တော့ ပိုသေချာတာပေါ့နော်။ ဒီဘုရားတွေအပေါ်မှာ ဂေါပက တွေကနေ Control လုပ်တဲ့ ဘုရားတွေသည် ဒီအပေါ်မှာ ဧည့်သည်တွေကို ကန့်သတ်ချက်နဲ့ တက်ရောက်ခွင့် ပြုတဲ့အခါမှာ အန္တရာယ် ကင်းရှင်းရေးပေါ့နော် ဒါတွေကတော့ သက်ဆိုင်ရာ ဂေါပက ကနေပြီးတော့မှ စီမံခန့်ခွဲရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ သူတို့ကရော တက်ရောက်ခွင့် ရတဲ့အခါမှာ သူတို့ကရော ဘယ်လောက် စီမံခန့်ခွဲနိုင် မလဲ ဒီအပေါ်မှာ မူတည်ပါတယ်။ အဲဒါကြောင့်မို့လို့လည်း ကျနော်တို့က သက်ဆိုင်ရာ ဘုရားဂေါပကတွေနဲ့ ကျနော်တို့တွေလည်း ညှိနှိုင်းဆွေးနွေးနေဆဲ ဖြစ်ပါတယ်။ အပေါ်ကို တက်ရောက်တဲ့အခါမှာ စနစ်တကျနဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေဘာတွေ၊ အဆောက်အအုံတွေ၊ ပစ္စည်းတွေကို မထိခိုက်အောင်ပေါ့နော်၊ နောက်ပြီးတော့ အမှိုက်တွေမချဖို့ စသဖြင့်ပေါ့နော်၊ နောက်ပြီး မိမိကိုယ်မိမိ အန္တရာယ်မဖြစ်အောင်ပေါ့နော်၊ သက်ဆိုင်ရာ ဘုရားတွေရဲ့ ဂေါပကတွေရဲ့ Control အောက်မှာရှိတဲ့ လုံခြုံရေးအဖွဲ့တွေရဲ့ ညွှန်ကြားချက်တွေ ကိုလည်း တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုပါတယ် တကယ်လို့သာ တက်ရောက်ခွင့် ရခဲ့မယ်ဆိုရင်ပေါ့နော်” ဟု ပြောသည်။

ပုဂံသို့ လာရောက်သည့် ခရီးသွားဧည့်သည် အများစုသည် ပုဂံ၏ ရှုခင်းများကို ကြည့်ရှုလိုကြခြင်းကြောင့် လာရောက်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဘုရားစေတီတချို့၏ အထက်ပစ္စယံသို့ ပြန်လည်တက်ရောက်ခွင့် ပြုမည်ဆိုပါက ခရီးသွားလုပ်ငန်းအတွက်လည်း သက်ရောက်မှု ရှိသည်ဟု မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်း ရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

 ပုဂံရှေးဟောင်းယဉ်ကျေးမှု အလှကို တွေ့ရစဉ်

၎င်းက “ပုဂံကို လာတဲ့သူတွေက ဒီရှုခင်းကို ကြည့်ချင်တာ။ ဒီဘုရားတွေ ပိတ်လိုက်တော့ တချို့ဓာတ်ပုံ Tours တွေက ပျက်သွားတာတွေ ရှိတယ်၊ မလာတော့ဘူး။ အဲဒီ Views ကို ကြည့်မှ ပုဂံကို လာတဲ့ ရည်ရွယ်ချက်တို့၊ လူတွေရဲ့ ဆန္ဒတို့ အဲဒါမှ ပြည့်ဝတာ။ ဒါ ပြန်ဖွင့်ပေးလိုက်ရင် Impact ကောင်းတာပေါ့။ နောက်တစ်ခါ လူမတက် ဘူးဆိုလို့ရှိရင် အပေါ်ထပ် ပိတ်ထားရင် အဲဒီအပေါ်မှာ ခိုချေးတို့၊ လင်းနို့ချေးတို့၊ နောက်တစ်ခါ အမှိုက်တွေ၊ သူတို့ လုပ်ထားတဲ့ အသိုက်တွေတို့ အဲဒါတွေက အကုန်လုံး ပြည့်သွားမှာပေါ့။ အဲဒီတော့ ရေသွားရေလာတွေ မကောင်း တော့ဘူး။ ရေလမ်းကြောင်းတွေ ပိတ်ကုန်တယ်။ ရေလမ်းကြောင်းပိတ်ရင် ရေကန်ကြီး ဖြစ်သွားမယ်၊ ဒါ တကယ့် အဖြစ်ပဲ။ ရေကန်ဖြစ်သွားတော့ အဲဒီရေတွေက အုတ်ကြားတွေထဲကနေ အောက်ကို စိမ့်ဝင်သွားတယ်။ အောက်မှာ ရှိတဲ့ နံရံတွေ၊ ဂူတွေ မပျက်စီးဘူးလား” ဟု ပြောသည်။

လက်ရှိတွင် သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ခဲ့မှုကြောင့် ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ရေဝင်၊ ရေဝပ်မှုနှင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ဘုရားစေတီပုထိုးများကို ပြုပြင်ထိန်းသိမ်းလျက် ရှိနေကြောင်း  သိရသည်။