CNI News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၈

ပုဂံရှေးဟောင်း ယဉ်ကျေးမှုဇုန် နယ်မြေသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများအား ဇုန်ဝင် ကြေး တိုးမြှင့်လိုက်သလို နေထိုင်ခွင့်ရက်ကိုလည်း ပြောင်းလဲသတ်မှတ်လိုက်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ထံမှ သိရသည်။

နိုင်ငံခြား ခရီးသွားများ ပိုမိုဝင်ရောက် လာစေရန်အတွက် ဝင်ကြေးကို ဒေါ်လာထက် မြန်မာကျပ်ငွေဖြင့် ကောက်ခံ ခြင်းနှင့် ပုဂံဒေသအတွင်း လည်ပတ် နေထိုင်ခွင့်ရက်ကိုလည်း အနည်းဆုံး ၅ ရက် သတ်မှတ်ပေးရန် လိုအပ် ကြောင်း Myanmar Voyages International Tourism ရဲ့ မန်းနေးဂျင်း ဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။

၎င်းက “ပုဂံဇုန် ဝင်ကြေးကတော့ တိုးတယ်ဆိုတာ ငွေကြေးဖောင်းပွမှုကြောင့် ဖြစ်တာပါ။ ပြောရရင်တော့ ခါတိုင်း တုန်းက ဒေါ်လာနဲ့ ယူတဲ့ခေတ်တုန်းက လွန်ခဲ့တဲ့ ၁၀ နှစ်တုန်းက ၁၀ ဒေါ်လာ ယူတာလေ။ အဲဒီတုန်း က ၅ ရက် လားမသိဘူး ပေးတယ်။ အခုက ၃ ရက်ပဲ ရှိပြီးတော့ ၃ သောင်းဆိုတာတော့ ဒီနေ့ ငွေဈေးနဲ့ဆို ၈ ဒေါ်လာလောက် ရှိသွားတာပေါ့နော်။ ဒေါ်လာနဲ့ တွက်ခဲ့တယ် ၁၀ ဒေါ်လာနဲ့ တွက်ခဲ့တယ်ဆိုရင်တော့ မများပါဘူး။ ဒါ ကျပ်နဲ့ ပြန် ပေးရင်တော့ ပိုတောင် safe ဖြစ်တာပေါ့။ ဒါပေမယ့် လာမယ့်ရက်ကိုတော့ ၅ ရက်လောက်ဆိုတာတော့ ထားသင့် တယ်။ ဘာဖြစ်လဲဆိုတော့ လာတဲ့ဧည့်သည်တွေက အမျိုးမျိုး ရှိတာပေါ့။ တချို့ဧည့်သည်တွေ ကျတော့ ပုဂံဟာ ၃ ရက်လည်ရင်တော့ လုံလောက်တယ်ပေါ့နော်။ ရောက်တဲ့ ၁ ရက်၊ လေယာဉ်နဲ့ စောစောရောက် တယ်ဆိုရင်တော့ အပြည့်လည်ပေါ့၊ နောက်နေ့ ပုပ္ပါးတွေ သွားပေါ့။ တတိယနေ့ကျရင်လည်း အရင်တုန်းက ဟိုသွားဒီသွား သွားလို့ရ တယ်။ ပုဂံကို အဓိက လာမယ့် ဧည့်သည်တွေကတော့ ရက်ပေါင်း ၅ ရက်လောက်အထိ ပေးသင့်တယ်လို့ ထင် တယ်ပေါ့။ သူကတော့ အန်ကောဝပ်တို့ ဘာတို့ရဲ့ ထုံးကို ကြည့်ပြီးတော့ လိုက်လုပ်တာပေါ့ နော်။ ဒါပေမယ့် value တော့ မဖြစ်ဘူးပေါ့။ ပုဂံရဲ့ value နဲ့ အန်ကောဝပ်ရဲ့ value မတူဘူးပေါ့။ အခြေအနေလည်း မတူဘူးပေါ့။ အန်ကောဝပ်တို့ ဘာတို့က လက်ရှိအခြေအနေအရ အကုန်လုံးက ဗီယက်နမ်က တကယ့် စူပါ ဖြစ်နေ တဲ့အချိန်မှာ မြန်မာပြည်က အရမ်းကို နှမျောဖို့ ကောင်းတယ်။ ဝမ်းနည်းဖို့လည်း ကောင်းတယ်။ အဲဒီအခြေအနေ မျိုးတွေမှာ ဧည့်သည်ကို တကယ်လာစေချင်တယ်ဆိုရင်တော့ ဒီအပိုင်းတွေမှာ ဖြေလျှော့၊ ရက်တွေ ဘာတွေ ဖြေလျှော့ပေါ့ နော်။ နောက် ဒေါ်လာနဲ့တော့ မကောက်နဲ့ပေါ့၊ ကျပ်နဲ့တော့ ကောက်ပေါ့၊ အဲဒါဆိုရင်တော့လည်း လာမှာပါပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသကိုတွေ့ရစဉ်

ယခင်က နိုင်ငံခြားသား တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀ ကောက်ခံရာမှ လက်ရှိတွင် ငွေကျပ် ၃၀၀၀၀ သတ်မှတ် ကောက်ခံခြင်း ဖြစ်ကြောင်း၊ နိုင်ငံခြားသားများ လည်ပတ်နေထိုင်ခွင့်ကိုလည်း ယခင်က ၅ ရက် သတ်မှတ်ခဲ့သော် လည်း လက်ရှိတွင် ၃ ရက်သာ ခွင့်ပြုတော့မည် ဖြစ်ကြောင်း သိရသည်။

ခွင့်ပြုထားသည့် ၃ ရက်ထက် ကျော်လွန်ပါက ဇုန်ဝင်ကြေးအသစ် ထပ်မံပေးဆောင်ရမည်ဖြစ်ပြီး လာမည့် အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ဇုန်ဝင်ကြေးနှင့် နေထိုင်ခွင့်ရက်ကို ပြောင်းလဲလိုက်ခြင်းကြောင့် အကျိုးသက်ရောက်မှု မရှိကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က CNI သတင်းဌာနသို့ ပြောသည်။

ပုဂံဒေသကိုတွေ့ရစဉ်

၎င်းက “အဲဒါ လုပ်နေတာ ကြာပြီ။ အခုမှ ထွက်လာတာ။ အန်ကယ်တို့ အမြင်ကတော့ ၃ သောင်းဆိုတာတော့ နည်းတယ်။ ဒါ ကျပ်နဲ့ ကောက်နေတာ။ အနည်းဆုံး ၅ ဒေါ်လာ အောက်ထစ် ကောက်ရမှာ။ Siem Reap မှာဆိုရင် ၃၇ ဒေါ်လာတောင် ကောက်တာ။ ဘာမှ အကျိုးသက်ရောက်မှု မရှိဘူး ဘာမှ မရှိဘူး” ဟု ပြောသည်။

ယခင်က ဇုန်ဝင်ကြေးကောက်ခံခြင်းကို တင်ဒါခေါ်ကာ ကုမ္ပဏီများကို လုပ်ကိုင်ခွင့် ပေးခဲ့သော်လည်း ကိုဗစ် ကြောင့် နိုင်ငံခြားခရီးသွား ဝင်ရောက်မှု လျော့နည်းသွားခြင်းကြောင့် ရှေးဟောင်းသုတေသနဌာနက ပြောင်းလဲ ကောက်ခံလျက်ရှိသည်။ 

ဇုန်ဝင်ကြေး ကောက်ခံသည့် နေရာများသည် ပုဂံလေဆိပ်ရှိ ရှေးဟောင်းသုတေသန ကောင်တာ၊ အာနန္ဒဘုရား၊ မြစေတီ၊ မြင်းကပါ ဂူပြောက်ကြီးတို့တွင် ဖြစ်သည်။

တခြားသော နိုင်ငံများတွင် အထင်ကရ နေရာများ၌ ဝင်ကြေးများ ကောက်ခံမှုများသည် မြန်မာနိုင်ငံထက် ပမာဏ များသော်လည်း ပေးရသည့် ဝင်ကြေးနှင့် ရရှိသည့် ဝန်ဆောင်မှု အမျိုးအစားများသည် မျှတခြင်းကြောင့် ထိုက်သင့် ကြောင်း၊ မြန်မာနိုင်ငံသည် ဝင်ကြေးတိုးမြှင့်သော်လည်း ဝန်ဆောင်မှုအပိုင်းတွင် အဆင့်မြှင့်တင်ထားခြင်းများ မရှိ ခြင်းကြောင့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သည့် အရာများကို စနစ်တကျ စီမံခန့်ခွဲရန် လိုအပ်နေသေးသည်ဟု ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းရှင်များက ထောက်ပြကြသည်။