CNI News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၇

ရှမ်းပြည်နယ်တွင် ယခုနှစ် သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများမှာ ပုံမှန်အနေအထား သာရှိပြီး ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သီတင်းကျွတ်ပိတ်ရက်နှင့်နှိုင်းယှဉ်ပါက နည်းပါးလှကြောင်း ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ CNI သတင်းဌာနသို့ ပြောသည်။

၂၀၂၂ ခုနှစ်တွင် သီတင်းကျွတ်ပိတ်ရက်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများမှာ အပြည့်ဖြစ်ခဲ့ပြီး လက်ရှိတွင် ဟိုတယ်အခန်း ကျန်ရှိမှုများမှာ အများအပြားရှိနေသေးကြောင်း ရှမ်းပြည်နယ်ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစည်သူကျော်က CNI သတင်းဌာနသို့ ပြောသည်။ 

“ဘိုကင်ကတော့ သိပ်မရှိပါဘူး။ ပုံမှန်အနေအထားပါပဲ။ အခုကတော့ work in guest ပဲ နည်းနည်းများတဲ့ ပုံစံမျိုးပေါ့။ ဒီလို သတ်သတ်မတ်မတ်ကြီး ဘိုကင်ယူဆိုလို့ ဟိုတယ်ကြီးတွေကလွဲလို့ ဟိုတယ်အငယ်လေးတွေက ဘိုကင်တွေဘာတွေနဲ့ သွားတဲ့ပုံစံမျိုးတွေ သိပ်မရှိဘူး။ ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်ကတော့ အခြေအနေ ကောင်းတယ်။ ဟိုတယ်တွေအကုန်လုံး တောင်ကြီးမှာဆိုလည်း ပြည့်တယ်။ ညောင်ရွှေဘက်ဆိုလည်း တော်တော်လေး ဧည့်သည်ဝင်သွားတဲ့အနေအထား တွေ့ရတာပေါ့။ ကလောကတော့ ပြောစရာမလိုပါဘူး အခန်းအပြည့်အနေအထား သွားတာတွေ့တယ်။ အခုကတော့ မိုးမပြတ်သေးလို့လား ဘယ်လိုမျိုးလဲပေါ့နော်။ အဲဒါလေးလည်း တစ်ချက်တော့ ကျနော်တို့ ကြည့်နေရတာပေါ့။ အခုသီတင်းကျွတ် ဖောင်တော်ဦးဘုရားပွဲရှိတယ်။ ပြီးရင် တောင်ကြီးတန်ဆောင်တိုင်လာမယ်။ ပြီးရင် မီးရှော်တိုင်ပွဲလာမယ်။ ပြီးရင် ဒီဇင်ဘာဆက်သွားမှာပေါ့လေ။ အဲဒီလိုမျိုး။ နောက် ဇန်နဝါရီလဆန်းပိုင်းလောက်ဆိုရင်တော့ ပွဲက ရှမ်းအရှေ့ဘက်ကို ရောက်သွားမှာပေါ့ ချယ်ရီ ပန်းပွဲ‌တော်တို့၊ တိုင်းရင်းသားအစားအစာပွဲလည်း ကျိုင်းတုံဘက်မှာလုပ်ဖို့ အစီအစဉ်ရှိတာပေါ့။ ဧည့်သည်တွေက လာတာတော့ ရှိတော့ရှိနေတာပဲ။ ဟိုလို ဘိုကင်တွေ ပြည့်လျှံနေတယ် အဲဒီလိုပုံစံမျိုးတော့ မသွားသေးဘူး ကျနော် တို့ စောင့်တော့ကြည့်ရမှာပေါ့ အနေအထားလေးကို” ဟု ၎င်းက ပြောသည်။

ထို့အပြင် ရှမ်းပြည်နယ်၌ ပြီးခဲ့သည့် ၂၀၂၂  ခုနှစ်တွင် အောက်တိုဘာလကတည်းက တန်ဆောင်တိုင် ပိတ်ရက် အတွက် ဟိုတယ်ဘိုကင်ယူထားမှု အများအပြားရှိနေခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ် အင်းလေးဒေသရှိ ရှေးဟောင်းဘုရားစေတီတော်များကို နိုင်ငံခြားသားများ လာရောက်လည်ပတ်စဉ်

သို့သော် လက်ရှိတွင် သီတင်းကျွတ်အတွက် ဟိုတယ်ဘိုကင်ယူထားမှုများ နည်းပါးသည့်အပြင် တန်ဆောင်တိုင် အတွက် ကြိုတင်ဘိုကင်ယူထားမှုများမှာလည်း မရှိသေးပေ။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင်လည်း ယခုနှစ်သီတင်းကျွတ်ကာလသည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွား ဝင်ရောက်မှု ၂၀ ရာခိုင်နှုန်းခန့် ပျမ်းမျှ လျော့ကျသွားကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က CNI သတင်းဌာနသို့ ပြောသည်။

“မနှစ်ကထက်စာရင်တော့ အခုအချိန် ဒီနှစ်တော့ တော်တော်ကျသွားတယ်။ မနှစ်ကဆိုရင် ကျနော်တို့ အခန်း တောင်မှ မလောက်ဘူးပေါ့။ demand နဲ့ supply မမျှဘူးပေါ့။ အခုတော့ အခန်းလိုအပ်ချက် သိပ်မရှိတော့ဘူးပေါ့။ ဟိုတယ်တိုင်းလိုလို အခန်းပိုတာတွေ ဧည့်သည် နည်းနည်း လျော့သွားတာပေါ့။ ဒီနှစ်ကတော့ မနှစ်ကထက်စာရင် ဧည့်သည်အများကြီးလျော့သွားတယ်။ ပျမ်းမျှအားဖြင့်တော့ ၂၀ ရာခိုင်နှုန်းလောက် လျော့သွားတယ်။ အဓိက ကတော့ ခရီးသွားတွေပဲ။ ကျနော်တို့ဘက်မှာ လောလောဆယ် နိုင်ငံခြားသားတွေ လုံးဝလာခွင့်မရှိတာလေ။ NGO INGO နဲ့ သူတို့ဆီကနေ ခွင့်ပြုချက်တောင်းပြီး လာရတဲ့ ဧည့်သည် တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ နိုင်ငံခြားသားက လုံးဝ ဇီးရိုးဖြစ်သွားတာ။ အဲဒီ နိုင်ငံခြားသားရဲ့ percentage ကလည်း 10 percent လောက် ရှိတယ်။ မနှစ်ကဆိုရင်။ အခုတော့ ဇီးရိုးဖြစ်သွားတာပေါ့” ဟု ၎င်းက ပြောသည်။

ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာနသာမက ခရီးသွားလုပ်ငန်းရှင်များအနေဖြင့်လည်း ယခုနှစ် ပွင့်လင်း ခရီးသွား ရာသီတွင် ခရီးသွားဝင်ရောက်မှုသည် ယခင်နှစ်ထက် ပို၍ များပြားလာနိုင်ကြောင်း ခန့်မှန်းထားကြခြင်း ဖြစ်သည်။

ကိုဗစ်မဖြစ်ခင်ကာလ၌ သီတင်းကျွတ်၊ တန်ဆောင်တိုင်ပိတ်ရက်များတွင် ခရီးသွားများသည် တောင်ကြီး၊ ပြင်ဦးလွင်၊ ကလောတို့တွင် ပွဲတော်များပြုလုပ်သဖြင့် နှစ်စဉ် ခရီးသွား အများဆုံးသွားရောက်ကြလေ့ ရှိတတ်ခြင်းဖြစ်သည်။

ကိုဗစ်အလွန်ကာလတွင်လည်း ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ကာ ပြည်တွင်းခရီးသွားလာမှုများ ပြန်လည် လှုပ်ခတ်လာသော်လည်း ယခုကဲ့သို့ ဟိုတယ်ဘိုကင်ယူထားမှု နည်းပါးသွားရခြင်းသည် လုံခြုံရေးစိုးရိမ်မှုများ၊ ဟိုတယ်နှုန်းထားများ ကြီးမြင့်မှု၊ မိုးမကုန်သေးသဖြင့် လမ်းခရီးပိုင်းစိုးရိမ်မှုများကြောင့် ဖြစ်နိုင်ကြောင်းလည်း ဟိုတယ် လုပ်ငန်းရှင်များက သုံးသပ်ကြသည်။