CNI News

၂၀၂၃ ခုနှစ်၊ မေလ ၁၃

မြန်မာနိုင်ငံသို့ လာရောက်ကြမည့် နိုင်ငံခြားသား ခရီးသွားများကို တာချီလိတ်၊ ကျိုင်းတုံနှင့် လားရှိုးမြို့များသို့ လေကြောင်းလိုင်းဖြင့် ဝင်ရောက်ခွင့်ကို မေလ ၇ ရက်နေ့မှစ၍ သွားရောက်ခွင့် မပြုတော့ကြောင်း ညွှန်ကြားချက် ထုတ်ပြန်ထားကြောင်း သိရသည်။

ထိုသို့ ကန့်သတ်ရခြင်းသည် မြန်မာနိုင်ငံအတွင်း နိုင်ငံခြားသားများ တရားမဝင် ဝင်ရောက်လာပြီး အွန်လိုင်း လိမ်လည်မှုနှင့် အွန်လိုင်း လောင်းကစားမှုတို့တွင် ပါဝင်ကျူးလွန် နေကြ၍ ထိန်းချုပ်သည့် အနေဖြင့် လုပ် ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။

သို့သော် သံရုံးဝန်ထမ်းများကို သွားရောက်ခွင့် ပြုထားသလို ခရီးသွား ဧည့်လမ်းညွှန်များဖြင့် သွားရောက်မည် ဆိုပါကလည်း သွားရောက်ခွင့် ပြုထားသည်ဟု ရှမ်းပြည်နယ် ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးထင်အောင်နိုင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဓိကကတော့ မြန်မာ - ထိုင်း - တရုတ် ၃ နိုင်ငံ အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီးတော့မှ ထိန်းချုပ်မှု အစီအစဉ်အရ အဲဒါကြောင့်မို့လို့ ကျနော်တို့ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ သံတမန်တွေကလွဲလို့ တာချီလိတ်မှ မဟုတ်ပါဘူး။ လားရှိုးလေဆိပ်၊ ကျိုင်းတုံလေဆိပ်၊ တာချီလိတ်လေဆိပ် နိုင်ငံခြားသားတွေ လိုက်ပါခွင့်နဲ့ ပတ် သက်လို့ စိစစ်ရမယ်ဆိုပြီးတော့ ညွှန်ကြားချက် ရှိပါတယ်ခင်ဗျ။ ခရီးသွားကုမ္ပဏီနဲ့ ချိတ်ရမှာပေါ့ နိုင်ငံခြားသား ခရီးသွားဆိုရင်တော့ လမ်းမှာဆိုရင်လည်း တောင်ကြီးနဲ့ ကျိုင်းတုံကြားဆိုရင် ကျနော်တို့က မသွားရ ကန့်သတ် နယ်မြေ ကန့်သတ်ထားတာ ရှိတယ်ပေါ့။ အဲဒါတွေက ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ပြီးတော့ ဧည့်လမ်းညွှန်ပါမှ သူတို့ဟာသူတို့ဆိုရင် ဟိုနားဆင်း ကျန်ခဲ့တာတို့၊ ဒီနားဆင်း ကျန်ခဲ့တာတို့၊ ကျန်ခဲ့ပြီးတော့မှ သွားလည်တာမျိုးတို့ ဖြစ်မှာစိုးလို့။ Guide တွေနဲ့ဆိုရင် သူတို့ ဒီလမ်းကြောင်းအတိုင်းသွား၊ ဘယ်မှာအိပ်မလဲ၊ ဘယ်မှာစားမလဲ၊ ဘယ်မှာ လည်မလဲဆိုတာကို ကျနော်တို့က ကြိုတင်ခွင့်ပြုချက်ယူပြီးတော့ သွားရင် ဒါတွေက အကုန်လုံးက အခုလောလော ဆယ် ခွင့်ပြုနေတာပါပဲ” ဟု ပြောသည်။

ကျိုင်းတုံ၊ တာချီလိတ်နှင့် လားရှိုးမြို့သို့ သွားရောက်လိုသည့် နိုင်ငံခြားသား ခရီးသွားများအနေဖြင့် ခရီးသွား ဧည့် လမ်းညွှန်များနှင့်အတူ ခရီးသွား အစီအစဉ်များ(ဥပမာ တည်းခိုမည့်နေရာ၊ သွားရောက်မည့် နေရာနှင့် အချိန်များ) ကို အတိအကျရေးသားပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ တင်ပြ၍ ခွင့်ပြုချက် ရရှိမှသာ သွားရောက်၍ ရရှိမည် ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ လေဆိပ် အဆင့်မြင့်ရေး လုပ်ငန်းစဉ်ကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားရောက် ကြည့်ရှုစဉ်

ထိုသို့ လေကြောင်းလိုင်း ခရီးစဉ်များကို ကန့်သတ်လိုက်သော်လည်း ကျိုင်းတုံ၊ တာချီလိတ်နှင့် လားရှိုးမြို့များသို့ လေကြောင်းလိုင်းဖြင့် သွားရောက်သည့် နိုင်ငံခြားသား ခရီးသွားသည် ယခုကာလတွင် မရှိသလောက် နည်းပါး ကြောင်း သိရသည်။

ထို့အတူ နယ်မြေ မတည်ငြိမ်မှုကြောင့် ယင်းဒေသများသို့ ဦးတည်သည့် ခရီးသွား လမ်းညွှန်များလည်း မရှိကြောင်း၊ နယ်စပ်လမ်းကြောင်းများမှ တဆင့်သာ အများအပြား ဝင်ရောက်ကြသည်ဟု Myanmar voyages international tourism မှ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “လားရှိုးတို့ ဘာတို့ကျတော့ နဂိုကတည်းက ကျနော်တို့ရဲ့ destination မဟုတ်ဘူးလေ။ အဓိကတော့ ယိုးဒယားတွေ၊ တရုတ်တွေ သူတို့ နယ်စပ်တွေ သွားတဲ့ ကုန်သည်တွေပဲ သွားကြတာ။ နိုင်ငံခြားသားတွေကျတော့ သွားတော့ သွားတယ် FID လောက်ပဲ အရင်တုန်းက ဂုတ်ထိပ်တံတား ကနေပြီးတော့ လားရှိုးအထိ ရထားစီးတာ တွေ ဘာတွေတော့ ကြုံခဲ့ဖူးတယ်ပေါ့နော်၊ ခေတ်ကောင်းတဲ့ အချိန်တုန်းက။ အခုချိန်ကတော့ ကျနော်တို့လည်း အဲဒီ ခရီးစဉ်တွေကို ရောင်းကို မရောင်းဘူး။ သွားတဲ့သူရှိလည်း ကျနော်တို့က သတိထားရတာပေါ့နော်။ ဘာလို့ဆို နယ်မြေ အခြေအနေအရရော နောက် အဲဒီမှာလည်း ဘယ်လိုပဲပြောပြော အခုချိန်မှာ safe မဖြစ်သလို effection လည်း အဲဒီလောက် မရှိဘူးလေ။ အရင်တုန်းကတော့ မိုင်းလားကို သွားတယ်။ မူဆယ်တို့ ဘာတို့ပေါ့နော် အဲဒီ ဘက်ခြမ်း ကနေပြီးတော့ ကျနော်တို့ border ဖြတ်ကျော်တာတွေ တချိန်တုန်းကတော့ စဉ်းစားခဲ့တာပေါ့ဗျာ။ အခုတော့လည်း ဒါတွေက အိပ်မက် ဖြစ်သွားပါပြီ” ဟု ပြောသည်။

တာချီလိတ်မြို့ကိုတွေ့ရစဉ်

လေကြောင်းခရီးစဉ်ဖြင့် သွားရောက်မည့် နိုင်ငံခြားသား ခရီးသွားများအား မေလ ၇ ရက်နေ့မှစ၍ နောက်ထပ် အသိပေးချက် မထုတ်ပြန်မီ အချိန်အထိ သွားရောက်ခွင့် မပြုထားကြောင်း သိရသည်။

လက်ရှိတွင် ပုဂံနှင့် ကျိုက်ထီးရိုး ဘုရားဖူးရာတွင် နိုင်ငံခြားသား ခရီးသွားများပါသည့် ခရီးစဉ်များ အနေဖြင့် သွားရောက်မည့် အချိန်ကာလနှင့် တည်းခိုမည့် အချက်အလက်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများထံသို့ တင်ပြပြီး ခွင့်ပြုချက် ရရှိမှသာ သွားခွင့်ရှိသည်။

ထို့နောက် နယ်မြေတည်ငြိမ်မှု မရှိသည့် ကျိုင်းတုံ၊ တာချီလိတ်ကဲ့သို့ နေရာမျိုးတွင် ခရီးသွားမည်ဆိုပါက ခွင့်ပြုချက် ရရှိနိုင်မည် မဟုတ်ကြောင်း၊ ခွင့်ပြုချက် ရရှိသည့်တိုင် အချိန်ကာလအားဖြင့် ကြာမြင့်သွားမည် ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောသည်။