CNI News

၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ ၂၄

ပြည်ပခရီးသွားများကို ငွေကြေး ပိုမိုကောက်ခံနေသရွေ့ ခရီးသွားကဏ္ဍ မတိုးတက်နိုင်ကြောင်း ခရီးသွားလုပ်ငန်း ရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ထို့နောက် မြန်မာနိုင်ငံ ခရီးသွားကဏ္ဍ တိုးတက်ရန် ဘက်ပေါင်းစုံ၌ ပြည်ပခရီးသွားများအပေါ် ငွေကြေးပိုမို ကောက်ခံခြင်းများကို ဖြေလျှော့ရန် လိုအပ်ကြောင်း ၎င်းတို့က ပြောသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်အလွန်ကာလ၌ ခရီးသွားကဏ္ဍမှာ ပြန်လည် စတင်နေပြီဖြစ်သော်လည်း ပြည်တွင်း ခရီး သွား လည်ပတ်မှုသာ အများအပြား ရှိနေသေးကြောင်း၊ ပြည်ပ ခရီးသွားများ လာရောက်လည်ပတ်မှုသည် အင်မတန် နည်းပါးနေကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော်က “တကယ်တမ်းတော့ နိုင်ငံခြား သား လာတဲ့အချိန်မှာ demand မရှိခင်မှာ ကျနော်တို့က အခြေခံ အချက်အလက် တွေကအစ ဖြေလျှော့ ပေးပြီးမှ သူတို့တွေ လာချင်အောင် ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ နိုင်ငံခြားသား လာဖို့အတွက်ဆိုရင် အခြေခံ စားသောက်ကုန်တွေ၊ သွားတာတွေ လာတာတွေ၊ ဝင်ခွင့် entry ပေါ့ ဝင်ခွင့်ပါမစ်တွေကအစ ဖြေလျှော့ပေးတာတို့ အများကြီး ကျနော်တို့ တစ်ကနေ တော်တော်လေး ပြန်လုပ်ရမှာ ဖြစ်ပါတယ်။ ဒါတွေ အရင်တုန်း ကလည်း တလျှောက်လုံးပဲ ကျနော်တို့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့က တခြားနိုင်ငံ‌တွေနဲ့စာရင် ကျနော်တို့ နိုင်ငံရဲ့ ဟိုတယ်ခတွေ ကောက်တာတွေရော၊ နောက် ခရီးသွား ကောက်တာတွေရော အဲဒါတွေကအစ ဈေးနှုန်းတွေက တခြားနိုင်ငံတွေနဲ့စာရင် များနေတာတော့ ဒါ အမြဲတမ်း ဆွေးနွေးနေကြပါ။ အဲဒီ များများ ကောက်တဲ့အပေါ်မှာ ကျနော်တို့က ပြန်ပေးရတဲ့ ဝန်ဆောင်မှုအပေါ်မှာကြတော့ အားနည်းနေတာတွေ ရှိတယ်ပေါ့။ အဲဒါကြောင့် demand နဲ့ supply ၂ ခု ရဖို့ဆိုတာကတော့ ကျနော်တို့ အစိုးရကနေ ဦးဆောင်ပြီးမှ ချိန်ညှိ ပေးမယ်ဆိုရင် နိုင်ငံ ခြားသားတွေ ဝင်ရောက် လာမယ်လို့ ထင်ပါတယ်။ ဈေးနှုန်းတွေရော၊ လေဆိပ်ရောက်ပြီ ဆိုကတည်းက ဂရုတစိုက်နဲ့ စောင့်လျှောက်ပေးတာမျိုး။ ကျနော်တို့ ဟိုတယ်တွေကလည်း လာရင် ဈေးနှုန်းလေးတွေကို သင့်တင့် တဲ့ ဈေးနှုန်းလေးတွေနဲ့ လက်ခံပေးကြဖို့” ဟု ပြောသည်။

မန္တလေးမြို့အဝင်ကိုတွေ့ရစဉ်

အိမ်နီးချင်း နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံသည် လက်ရှိ ကိုဗစ်အလွန်ကာလတွင် ပြည်ပခရီးသွား ဝင်ရောက်မှုမှာ တစ်ဟုန်ထိုး တိုးတက်လျက် ရှိနေရခြင်းသည် ထိုင်းအာဏာပိုင်များမှ ခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ လုပ်ပိုင်ခွင့်များ ပေးထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင် များက ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင်လည်း ခရီးသွားဒေသများ ဖော်ဆောင်ရန် သက်ဆိုင်ရာ ဌာနများအနေဖြင့် လုပ်ငန်း ရှင်များအား လုပ်ကိုင်ခွင့် ပေးခြင်းတို့ ဆောင်ရွက်သင့်ကြောင်း၊ လိုအပ်သည်များအား ပံ့ပိုးကူညီ ပေးသင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ခရီးသွားလုပ်ငန်းရှင်တစ်ဦးက “အထူးသဖြင့် သူက ခရီးသွားလုပ်ငန်းကို ဝင်ငွေကို Target ထားတယ်။ အစိုးရ ကလည်း ပါးစပ်နဲ့ အားမပေးဘူး လက်တွေ့ကျကျ ဒေါ်လာ သန်းပေါင်းများစွာ ရင်းနှီးမြှုပ်နှံ ပေးတဲ့အတွက်ကြောင့် awareness ရတော့ ကိုဗစ်ဖြစ်ပေမယ့်လည်း ကိုယ့်ဗမာပြည်ထက် ကူးစက်မှု များပါသေးတယ်။ ဒါပေမယ့် သွားလာမှု မပြတ်ဘူး၊ ဖြစ်တယ်။ စင်ကာပူက ကျပ်တဲ့အချိန်မှာ ထိုင်းက ဖြေလျှော့ ပေးလိုက်တော့ တော်တော် များများ ဗမာတွေရော၊ နိုင်ငံခြားသားတွေရော၊ ရုရှားတွေရော သူတို့တိုင်းပြည်မှာ အကျပ်ရိုက်နေတဲ့ သူတွေက ထိုင်းမှာလာပြီးတော့ ပြုံလာကြတယ်။ Investment တွေများလာတော့ လူတွေ အလုပ်ရတယ်။ ဆောက်လုပ်ရေး အလုပ်သမားတွေ အလုပ်များတယ်။ ဟိုတယ်ကြီးတွေ ပေါ်လာတော့ လူတွေ Job creation တွေအတွက် ရှိလာတဲ့ အခါကျတော့ ထိုင်းက တစ်ဟုန်ထိုးကို တက်သွားတယ်။ သူလည်း စစ်အစိုးရပဲ။ သူလည်း ငြိမ်းချမ်းမှုက အမြဲတမ်း ရှိတာ မဟုတ်ဘူး။ အတိုက်အခံတွေက အမြဲတမ်း ဆန္ဒပြတာ။ ဒါပေမယ့် ဒါက တစ်ကဏ္ဍပဲ။ ပြီးတော့သူက အာမခံ ချက် ပေးထားတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေကို အပြည့် ပေးထားတဲ့ အတွက်ကြောင့် အားလုံးက လုပ်ကိုင် မပြတ် သွားကြတယ်။ ဧည့်သည်တွေကလည်း အလာမပြတ် ဖြစ်လာတယ်။ တိုးသထက် တိုးလာတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍသည် အိမ်နီးချင်းနိုင်ငံ တစ်ခုဖြစ်သည့် ထိုင်းနိုင်ငံနှင့် နှိုင်းယှဉ်ကြည့်ပါက အင်မတန် ကွာခြားလျက် ရှိကြောင်း တွေ့ရသည်။

မြန်မာနိုင်ငံရှိ ခရီးသွားဒေသများသည် အခြား အိမ်နီးချင်း နိုင်ငံများထက် ပို၍လှပသော်လည်း ပြည်ပခရီးသွား ဝင်ရောက်မှုနည်းခြင်းမှာ ထိုခရီးသွားဒေသများအား သေချာ မဖော်ဆောင်နိုင်ခြင်းနှင့် ငွေကြေးများ ပိုမို တိုးမြှင့် ကောက်ခံမှုများကြောင့် ဖြစ်သည်ဟု ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

ပြင်ဦးလွင်မြို့ရှိ ပိတ်ချင်းမြောင်တွင် ပြည်တွင်းခရီးသွားများကိုတွေ့ရစဉ်

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ်က “တကယ် အဓိက ထားပြီး ဖော်ဆောင်ပေးမယ့် ဝန်ကြီးတို့၊ ညွှန်ချုပ်တို့ ညွှန်ကြားရေးမှူးတို့သည် ဒီ field ထဲကနေ လာပြီးတော့ ထဲထဲဝင်ဝင် အလုပ်လုပ်လာတဲ့လူတွေက နည်းတယ်။ They are only office မှာပဲ အလုပ် လုပ်နေတာမှာ ဒုညွှန်နဲ့ ညွှန်မှူးနဲ့ ညွှန်ချုပ် ဖြစ်လာကြတာ။ ဒီ ground မှာ သူတို့ အတွေ့အကြုံမရှိဘူး။ အဲဒီ ground အတွေ့အကြုံ မရှိ တော့ ground က destination ကို ဖော်ပေးနိုင်မှာလဲ။ ယိုးဒယားတို့ ဖူးခက်ထက် သာတယ်။ အန်ကယ်တို့က မပြနိုင်ဘူးဖြစ်နေလို့။ လုပ်လည်း မလုပ်နိုင်ဘူး ပြလည်း မပြနိုင်ဘူး ဖြစ်နေလို့။ ဖူးခက်တို့ ဘာညာက ဘာသာလဲ ဆိုရင် သူက facility တွေက များနေတာ။ တကယ့် natural beach အရတော့ မြန်မာက ပိုပြီးတော့ လှတယ်။ ဖိုလ်ဝင်တောင်(ဖိုးဝင်းတောင်)တို့၊ ရွှေဝတောင်တို့ အဲဒီမှာရှိနေတဲ့ ကျောက်တွင်းတွေကလည်း တကယ့် natural ပဲလေ။ 11 century တွေချည်းပဲ။ တအားကြီး တန်ဖိုးရှိတယ်။ အန်ကယ်တို့က မပြတတ်ဘူး ဖြစ်နေတာ။ အဲဒါမျိုး တွေသာ ပြတတ်မယ်ဆိုရင် တအားကြီး Potential တွေ များနေတာကို တွေ့ရလိမ့်မယ်။ ရှမ်းပြည်ဘက်မှာ Eco tourism နဲ့ ပတ်သက်တာ အများကြီးရှိတယ်။ အလောင်းတော်ကဿပ လိုဟာမျိုးဆို တအားစိတ်ဝင်စားစရာ ကောင်းတယ်။ ရှမ်းပြည်ဘက်က သိပ် တအားကြီးလည်း မမြင့်ဘဲနဲ့ တောင်တက်တဲ့ ခရီးစဉ်တွေ၊ tracking လမ်း ကြောင်းလေးတွေ ဒါလေးတွေကိုသာ ရှိသမျှကို ဖော်ထုတ် ပြနိုင်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အားသာချက်တွေ အများကြီးပဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံရှိ ခရီးသွားဒေသများအား ပိုမိုကောင်းမွန်မည့် ပုံစံမျိုး မဖော်ဆောင်နိုင်ပါက မြန်မာ့ခရီးသွား ကဏ္ဍတွင် ပြည်ပခရီးသွား ဝင်ရောက်မှုသည် ယခုကဲ့သို့ နည်းနေဦးဖြစ်ကြောင်း၊ ပြည်ပခရီးသွား ဝင်ရောက်မှု နည်းပါက နိုင်ငံအတွက် နိုင်ငံခြားငွေ ရရှိမှုကိုလည်း သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ပြည်ပခရီးသွားများ ဝင်ရောက်ရန် ဖိတ်ခေါ်ရာတွင် ရုရှားနိုင်ငံသား တစ်ခုတည်းဖြင့်လည်း မြန်မာနိုင်ငံ၏ ခရီးသွား ကဏ္ဍမှာ မတိုးတက်သွားနိုင်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာသည့် ပြည်ပခရီးသွားမှာ ထိုင်း နိုင်ငံသား များပြားပြီး တရုတ်နိုင်ငံသားများသည် Business ဖြင့် လာရောက်ကြသူများသာရှိကြောင်း သိရသည်။