CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၁၉

ရခိုင်ပြည်နယ်သို့ သင်္ကြန်ပိတ်ရက် ကာလဖြစ်သည့် ဧပြီလ ၈ ရက်မှ ၁၇ ရက်နေ့အထိ ခရီးသွားဝင်ရောက်မှု သုံးသောင်းကျော်ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

ယခုနှစ်တွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက်ကာလ၌ ဝင် ရောက်ခဲ့သည့် ခရီးသွားဦးရေထက် များပြားသည့်အပြင် ယခုနှစ် ရခိုင်ပြည်နယ်မှာ ကျင်းပသည့် သင်္ကြန်သည် ပို၍ စည်ကားကြောင်းလည်း ၎င်းက ပြောသည်။

ဦးတင်ထွန်းအောင်က “သင်္ကြန် ၁၀ ရက်အတွင်းမှာ သံတွဲကို ပြောတာပေါ့နော်၊ ငပလီပေါ့ လာတဲ့ဧည့်သည်က ၂၈၈၀၅ ယောက်ရှိတယ်။ ဒါက ဟိုတယ်မှာတည်းတဲ့ ဧည့်သည်ပေါ့နော်။ မြောက်ဦးက မနှစ်က ဧည့်သည်လောက် တော့ မရသေးဘူး။ ဒါပေမယ့် မြောက်ဦးလည်း တော်တော်လေး လာပါတယ်။ ၂၀၀၀ ကျော်ကျော်လေး လာတယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ မြောက်ဦးက ၃၀၀၀ ကျော်ကျော် လာတယ်။ စစ်တွေကတော့ မြောက်ဦးအပေါ်မှာ တချို့ လမ်းကြောင်းတွေက မှီနေတာပေါ့။ တချို့ကျတော့လည်း လေကြောင်းနဲ့လာတယ်။ မြောက်ဦးကို မော်တော်ယာဉ် နဲ့ သွားကြတာပေါ့။ စစ်တွေက ဖြတ်သွား ဖြတ်လာပေါ့။ သို့သော်လည်းပဲ စစ်တွေကိုလာတဲ့ ဧည့်သည်က စစ်တွေ ကတော့ ရုံးဆိုက်ရာ မြို့ဖြစ်တဲ့အတွက် ရုံးလုပ်ငန်းနဲ့ လာတာပဲ များပါတယ်။ ဧည့်သည်ကတော့ နည်းတယ်။ နည်း တယ် ဆိုသော်လည်းပဲ စစ်တွေမှာလည်း ၂၂၀၀ ကျော်ကျော်လောက်တော့ သင်္ကြန်အတွင်းမှာ လာလိုက်တာပေါ့။ ၈ ရက်ကနေ ၁၇ ရက်နေ့အထိ လေယာဉ်အဆင်း ၁၀၅ ခေါက်ဆင်းတယ်။ ၁၃ ရက်နေ့မှာဆိုရင် ၁၇ ခေါက်တောင် ဆင်းတယ်။ သံတွဲလေဆိပ်။ စစ်တွေကတော့ ပုံမှန်ပါပဲ။ အနည်းဆုံးတော့ မနှစ်ကလောက် စည်ရမယ်လို့ မှန်းထား တာပေါ့။ ဒီနှစ်ကတော့ အေးအေးချမ်းချမ်းလည်း ရှိတဲ့အခါကျတော့ ပိုပြီးတော့ စည်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ တစ်လလုံးတွင် ဝင်ရောက်သည့် ခရီးသွားဦးရေ ပမာဏသည် ၂၇၀၀၀ ကျော်သာ ရှိခဲ့သည်။

ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုမှာ ခရီးသွားများကိုတွေ့ရစဉ် (ဦးသောင်းထွန်း)

ထို့ကြောင့် သင်္ကြန်ပိတ်ရက် ကာလအတွင်း ခရီးသွား ဝင်ရောက်မှုသည် မတ်လ တစ်လလုံး၏ ခရီးသွား ဝင်ရောက် မှုထက် များပြားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် ယခု သင်္ကြန်ပိတ်ရက် ကာလ၌ ခရီးသွား သုံးသောင်းကျော် ဝင်ရောက်ခြင်းသည် ဟိုတယ်နှင့် တည်းခို ရိပ်သာများတွင် တည်းခိုကြသည့် ခရီးသွားများ၏ စာရင်းများသာဖြစ်ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား လာရေး ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က ပြောသည်။

ဘုန်းကြီးကျောင်းများတွင် တည်းခိုသူများ၊ ကျေးရွာများမှ လူနေအိမ်များတွင် တည်းခိုသူများ အစရှိသည်တို့ကိုပါ ထည့်တွက်မည်ဆိုပါက ငပလီကမ်းခြေဒေသသို့ ခရီးသွား ဝင်ရောက်မှုသည် ခန့်မှန်းချေ ငါးသောင်း ဝန်းကျင်ရှိ ကြောင်း မြို့မိမြို့ဖ တစ်ဦးဖြစ်သည့် ဦးထွန်းသန့်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ဦးထွန်းသန့်ကျော်က “၃၊ ၄၊ ၅ သောင်းလောက်ရှိတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ ဒီ Express တွေဆိုရင် လည်း အစီး ၅၀-၁၀၀ ကြားရှိတယ်။ ကားလေးတွေဆို အစီး ၅၀၀ ကျော် နေ့စဉ်လောက် ဆင်းနေတာလေ။ ဆင်း တော့ ကမ်းခြေမှာ Guest House တွေရော၊ ဟိုတယ်တွေရော၊ နောက်ပြီး ရွာတွေထဲက အိမ်တွေပါ အကုန်အပြည့် ပဲ။ ငပလီ ကမ်းခြေမှာဆိုရင် ရေသူမ အနားမှာဆိုရင် ရေကူးဖို့ ဘောကွင်းချဖို့ နေရာတောင် မရှိဘူး အဲဒီလောက် စည်တယ်။ ဒါပေမယ့် ကျနော်တို့ဆီ လာတာက ပြည်တွင်း ခရီးသွားများတယ်။ ပြည်ပခရီးသွားက မရှိသလောက်ပဲ နည်းတယ်။ ဒေသခံတွေက ပွင့်ပွင့်လင်းလင်းပြောရင် အလုပ်အကိုင် အခွင့်အလမ်းတွေ ကောင်းတာပေါ့။ ဟိုတယ် တွေ အကုန်ဖွင့်တဲ့ အတွက်လည်း ဝန်ထမ်းပေါင်း ၄၀၀၀ လောက်က အလုပ်ရ သွားတယ်လေ။ နောက်တစ်ချက် က စားသောက်ဆိုင်တွေပေါ့ အကုန်လုံးက ရောင်းရတယ်။ လမ်းဘေးဆိုင်၊ ကြက်ဥပြုတ် ရောင်းတဲ့ဆိုင်၊ အုန်းသီး အရည်သောက် ရောင်းတဲ့ဆိုင်ကအစ အကုန်လုံး ဖြစ်ထွန်းကြတယ်။ ပွင့်ပွင့်လင်းလင်းပြောရင် မိုးတွင်းအတွက် သူတို့ရဲ့ ဝမ်းစာလေးတွေက ဖူလုံသွားကြတယ်ပေါ့။ စားသောက်ဆိုင်ကြီးတွေဆိုလည်း အကုန်အပြည့်ပဲ။ ဘိုကင် တောင်မရကြလို့ ပြန်သွားရတဲ့လူတွေဆို အများကြီးပဲ” ဟု ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကမ်းခြေတစ်ခုမှာ ခရီးသွားများကိုတွေ့ရစဉ် (ဦးသောင်းထွန်း)

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက် ကာလတွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ၁၅၀၀၀ ကျော် သာ ရှိခဲ့ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် ယခုနှစ် သင်္ကြန်ပိတ်ရက်ကာလတွင် ရခိုင်ပြည်နယ်သို့ ခရီးသွား ဝင်ရောက်မှုသည် ပြည်တွင်းခရီးသွား အများဆုံး ဖြစ်ကာ ပြည်ပခရီးသွား အနည်းငယ်သာရှိပြီး ထိုထဲတွင် Tourist visa ဖြင့်လာသူများထက် သံရုံးများ၊ အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များသာ ဖြစ်ကြောင်းလည်း သိရသည်။

သို့သော် မကြာခင်တွင် မိုးတွင်းကာလ ရောက်ရှိတော့မည် ဖြစ်သောကြောင့် ခရီးသွား ဝင်ရောက်မှုသည် မေလ အလယ်ခန့်အထိသာ လာရောက်ကြမည်ဖြစ်ပြီး မိုးတွင်းကာလများ၌ ခရီးသွားဝင်ရောက်မှု အနည်းငယ်သာ ရှိနိုင် ကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။