CNI News

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၂၇

မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း ပြည်ပခရီးသွားဝင်ရောက်မှုတွင် တရုတ်နိုင်ငံထက် ထိုင်းနိုင်ငံမှ လာရောက်သည့် ခရီးသွား အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ထိုင်းနိုင်ငံသားများသည် ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ကာ အများအပြား ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ယခုနှစ် အတွက် ထိုင်းနိုင်ငံသား ခရီးသွားများ သောင်းကဏန်းခန့် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင် များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပ ခရီးသွားများကိုတွေ့ရစဉ်

၎င်းက “လက်ရှိ အများဆုံးကတော့ ထိုင်းနိုင်ငံကနေလာတဲ့ ခရီးသွားတွေက အများဆုံးပါပဲ။ ဒီခရီးသွား လုပ်ငန်း တွေ ပြန်စတဲ့အခါကြတော့ တရုတ်နိုင်ငံနဲ့ လေကြောင်းပျံသန်းမှုက တိုက်ရိုက်ပျံသန်းမှုတွေက နည်းသွားတယ်။ ယခင်လို မရှိတော့ဘူး။ အခုလည်း တစ်ခုလောက်ပဲ ရှိတော့တယ်။ ကွမ်ကျိုးတို့ ဘာတို့လောက်ပဲ ရှိတော့တယ် ဆိုတော့လေ။ အဲဒါကြောင့်မို့လို့။ ဒါပေမယ့် ထိုင်းနိုင်ငံနဲ့ကြတော့ တစ်နေ့ကို လေကြောင်းပျံသန်းမှုက ၈ ကြိမ်၊ ၉ ကြိမ်လောက် အနည်းဆုံး ရှိနေတာကို။ ထိုင်းနိုင်ငံသားတွေက မြန်မာနိုင်ငံမှာ ရက်တို ခရီးစဉ်တွေပဲ များပါတယ်။ ရန်ကုန်ကို ဝင်လာတယ်။ ရန်ကုန်ကနေ ပဲခူး၊ ကျိုက်ထီးရိုး အဲဒီလောက်အထိပဲ သွားကြတာများပါတယ်။ ၂ ညအိပ် ၃ ရက်၊ ၃ ညအိပ် ၄ ရက် ခရီးစဉ်တွေပဲ များပါတယ်။ ထိုင်းနိုင်ငံတွေကတော့ ဘာသာရေးရော၊ လူနေမှု ပုံစံကအစ တူတဲ့အတွက် ရန်ကုန်မြို့မှာရှိတဲ့ ရွှေတိဂုံဘုရားတို့၊ နောက်တစ်ခါ ဗိုလ်တစ်ထောင် အဲဒီဘုရားတွေကို အဓိကထား ပြီးတော့ လည်ပတ်ကြတာ၊ ဘုရားဖူးကြတာများတယ်။ နောက်တစ်ခါ ပဲခူးမှာရှိတဲ့ ဘုရားတွေရော၊ ကျိုက်ထီးရိုး ဘုရားရောပေါ့။ အဲဒါတွေကို လည်ပတ်ကြတာများပါတယ်။ ထိုင်းနိုင်ငံသားတွေ အနေနဲ့ကတော့ ဒီနေရာတွေကိုက လည်ပတ်သင့်တဲ့ နေရာပေါ့နော်။ သူတို့နိုင်ငံသားတွေအနေနဲ့ တစ်သက်တာမှာ တစ်ခါ ရောက်ဖူးသင့်တဲ့ နေရာထဲ မှာ သတ်မှတ်ထားကြတယ်ပေါ့လေ” ဟု ပြောသည်။

ကိုဗစ်မတိုင်ခင် ကာလတွင် တရုတ်နိုင်ငံမှ ခရီးသွားသည် အများဆုံးဖြစ်ခဲ့သော်လည်း ယခုနှစ်တွင် မြန်မာနိုင်ငံသို့ အပန်းဖြေ လာရောက်သည့် တရုတ်ခရီးသွားများမှာ နည်းပါးသွားပြီး စီးပွားရေးအရ လာရောက်ကြသူတို့သာ များပြားခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၂ ခုနှစ်သည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ပြည်တွင်းခရီးသွား လာမှုသည် အနည်းဆုံး နှစ်ဆခန့် သိသိသာသာ တိုးတက်များပြား လာသကဲ့သို့ ပြည်ပခရီးသွား ဝင်ရောက်မှုသည်လည်း ကိုဗစ်ကာလ အလွန်အတွက် တိုးတက်ကောင်းမွန်သည့် အနေအထားတစ်ခု ဖြစ်ကြောင်းလည်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားများသည် ယခုထက် ပိုမိုဝင်ရောက်လာမည်ဟု မျှော်လင့်ထားကြသည့် အတွက် ပြည်တွင်းတွင် လုံခြုံရေး၊ လျှပ်စစ်မီး ရရှိမှုတို့အပြင် အထင်ကရ နေရာများတွင် ခရီးသွားများအား ဈေး အတင်းအကြပ် လုရောင်းခြင်းများအား ကြပ်မတ်သင့်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းရှင် များက အကြံပြုသည်။

ကျိုက်ထီးရိုးဘုရားကိုတွေ့ရစဉ်

မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (ပုဂံဟိုတယ်ဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝိတ် က “23(၂၀၂၃)အတွက် ကျတော့ အန်ကယ်တို့လည်း မျှော်လင့်နေတာပေါ့။ လာမလာတော့ မပြောတတ်ဘူး။ လာမယ်လို့လည်း မျှော်လင့် ထားပါတယ်။ တရုတ်တို့ ရုရှားတို့။ ဒါပေမယ့် နိုင်ငံရေးတို့၊ လျှပ်စစ်မီး အနေအထားတို့က အန်ကယ်တို့လည်း ဘာမှ ပြောလို့မရဘူး ဖြစ်နေတယ်။ အဆိုးဆုံးကတော့ လျှပ်စစ်မီးကလည်း ဆိုးတယ်ပေါ့။ လုံခြုံရေးရယ်၊ လျှပ်စစ် မီးရယ်။ West Market ထက် East Market ကိုတော့ လာမယ့်နှစ်မှာ ပိုများလာမယ်လို့တော့ မျှော်လင့်ပါတယ်။ တကယ့် အခြေအနေ အန်ကယ်တို့နိုင်ငံရဲ့ infrastructure တွေ အဲဒါ အဆင်ပြေဖို့ပဲ လိုပါတယ်။ မဟုတ်ရင်တော့ ဧည့်သည်က ဝင်ရောက်ပါ့မလား။ လျှပ်စစ်မီးမရဘဲနဲ့ ဘာဧည့်သည်မှ ပရိုမိုးရှင်းလုပ်လို့ မရဘူး။ လျှပ်စစ်မီး မရရင် ဒီဇယ်ဆီတွေ သုံးရတော့မယ်။ ဒီဇယ်ဆီက မကျဘူးဆိုရင် ဘယ်လိုလုပ် ပရိုမိုးရှင်းသွား လုပ်လို့ရမှာလဲ။ မဖြစ်နိုင် တဲ့ ကိစ္စတွေ။ နံပါတ်တစ်က လုံခြုံရေး ကောင်းဖို့ပဲ လိုတာပါ။ နံပါတ်နှစ် လျှပ်စစ်မီး ရရမယ်။ လုံခြုံရေးလည်း မကောင်းဘူး။ လျှပ်စစ်မီးကလည်း မရဘူး။ ဆီဈေးကလည်း ဒီအတိုင်းပဲ တက်နေတယ်ဆိုရင် ဘယ်လိုလုပ် ဖြစ် တော့မလဲ” ဟု CNI သတင်းဌာနသို့ ပြောသည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် ပြည်ပခရီးသွားများ ယခုနှစ်ထက် ပိုမိုဝင်ရောက်လာစေရန် နိုင်ငံတကာတွင် ပြုလုပ် သည့် ခရီးသွားပြပွဲအချို့သို့ မြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏီများက သွားရောက်ပြသရန် ပြင်ဆင်နေသည်။

ထို့ကြောင့် လာမည့် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်လ စသည့် သုံးလအတွင်း ပြည်ပခရီးသွား ဈေးကွက်အဖြစ် တရုတ်၊ ရုရှားနှင့်၊ အနောက်နိုင်ငံများမှ လူငယ်လူရွယ်များ ဝင်ရောက်လာမည်ဟု မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းက ခန့်မှန်းထားသည်။

တရုတ်နှင့် ရုရှား ခရီးသွားများ လာမည့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြခြင်း မှာ မကြာခင်တွင် လေကြောင်းလိုင်း တိုက်ရိုက် ပျံသန်းပြေးဆွဲမှုများ ပြုလုပ်ကြတော့မည့် အတွက်ကြောင့် ဖြစ် သည်ဟု သိရသည်။