CNI News

၂၀၂၃ ခုနှစ်၊ မတ်လ ၈

မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ်အထိ ပြည်ပခရီးသွား ဝင်ရောက်မှု များပြားခဲ့ပြီး ရွှေခေတ်သို့ ရောက်ခဲ့သည့် အနေအထားအား လက်ရှိ ကိုဗစ်ကာလအလွန်တွင် မမှီနိုင်သေးကြောင်း ခရီးသွားလုပ်ငန်းရှင်များ နှင့် ဟိုတယ်လုပ်ငန်းရှင်များက CNI သတင်းဌာနသို့ ပြောသည်။

မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ပြည်ပခရီးသွား ဝင်ရောက်မှုသည် ၂၀၀၃ ခုနှစ်မှစတင်ကာ ၂၀၀၆ ခုနှစ်အထိ အားကောင်းခဲ့ပြီး ၂၀၀၇ မှ ၂၀၁၁ ခုနှစ်တွင် ပြန်ကျသွားခဲ့ကြောင်း၊ သို့သော် ၂၀၁၂ ခုနှစ်မှ စတင်ကာ ၂၀၁၉ ခုနှစ် အထိ ပြန်၍ အားအလွန်ကောင်းခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ် တစ်နှစ်တည်းတွင် ပြည်ပခရီးသွားဝင်ရောက်မှုမှာ ၄ ဒဿမ ၄ သန်းခန့် အထိ ရှိခဲ့သည်။

သို့သော် ကိုဗစ်နှင့် နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍတွင် ပြည်ပ ခရီးသွားဝင်ရောက်မှုမှာ ဆက်လက် ကျဆင်းနေကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ် လုပ်ငန်းရှင် များက ထောက်ပြ ပြောဆိုကြခြင်း ဖြစ်သည်။

ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “အဲဒီအခြေအနေကတော့ အခု 1 million တောင် မပြည့်တော့ပါဘူး။ သိန်းဂဏန်းလောက်တောင် အနိုင်နိုင် ဖြစ်သွားတယ်။ ကောင်းခဲ့တယ်ဆိုတာက image ပေါ့။ ကျနော်တို့ တိုင်းပြည်က ရင်းနှီးမြှုပ်နှံလို့လည်း ကောင်းတယ်၊ နောက်တစ်ခါ လည်စရာပတ်စရာတွေက ဒီထက် လုံခြုံ စိတ်ချ ရတယ်။ နောက် ၂၀၀၃၊ ၄၊ ၅၊ ၆၊ ၇ တုန်းကလည်း ဘာဖြစ်လဲဆိုတော့ visa on arrival တွေ ဖွင့်ပေးခဲ့တယ်။ သံရုံး ချည်းပဲ မဟုတ်တော့ဘဲ ဘယ်လူမျိုးမဆိုပေါ့ visa ယူဖို့ အခက်အခဲရှိသူတွေကို on arrival ပေးတယ်၊ အဲဒီအခါမှာ လည်း agent တွေရဲ့ အကူအညီနဲ့ လုပ်ရတဲ့အတွက်ကြောင့် agent တွေက အလုပ်ရတယ်။ agent တွေ အလုပ်ရ တဲ့ အတွက်ကြောင့် ဂိုက်(ဧည့်လမ်းညွန်)တွေလည်း အလုပ်ရတယ်။ ဒီဘက်ခေတ်ကျတော့ ခေတ်က ပြောင်းသွား ပြီ။ online နဲ့ e-visa တွေ လုပ်ခဲ့တယ်။ e-visa လုပ်ရင်းနဲ့မှ visa free တွေပေးလာတဲ့ အခါကျတော့ FIT Tour တွေလည်း မြင့်လာတယ်။ ဘယ်လိုပဲပြောပြော အလုံးနဲ့အရင်းနဲ့ လာပြီဆိုကတည်းက လူ ၁၀ ယောက် လာလို့ ၃ ယောက်လောက်က package tour ယူမယ်၊ ၇ ယောက်လောက်က free visa ပဲ ဖြစ်ဖြစ် independent traveler အနေနဲ့ လာရင်ဖြစ်ဖြစ် ကိုယ့်တိုင်းပြည်ကို သပိတ်ဝင် အိတ်ဝင် ဝင်တာပဲလေ။ Barrier Field ဆိုတာ ဘာတွေလဲ။ ဘာ barrier တွေလဲဆိုတာကို သူတို့ အောက်ခြေ level ကို သိဖို့လိုတယ်။ စကားလုံး လှလှပပကြီး သုံးပြီးတော့ ပြောနေတာထက်စာရင် လက်တွေ့ ဘာတွေလဲဆိုတာကို သူတို့ နားထောင်ဖို့ လိုတယ်” ဟု CNI သတင်းဌာနသို့ ပြောသည်။

ကမ်းခြေမှာ တွေ့ရသည့် ခရီးသွားများ

နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းတွင် ပြည်တွင်းခရီးသွားထက် ပြည်ပခရီးသွား ဝင်ရောက်မှုများပါက နိုင်ငံ၏ GDP (gross domestic product) လည်း တက်သည့်အတွက် ပြည်ပခရီးသွား ဝင်ရောက်မှုသည် နိုင်ငံတစ်နိုင်ငံ အတွက် အလွန်အရေးပါကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဟိုတယ်လုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးဇော်ဇော် က CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပခရီးသွား ဝင်ရောက်မှုနှင့် ပတ်သက်၍ ယခင်အချိန်ကာလနှင့် လက်ရှိ အနေအထားကို နှိုင်းယှဉ်ကြည့်မည် ဆိုလျှင် လက်ရှိသည် မြန်မာနိုင်ငံအတွင်းမှာ မတည်ငြိမ်သေးဟု ပြည်ပနိုင်ငံများမှ ထင်မြင်ယူဆသည့် အတွက် ကြောင့် ယခုလက်ရှိ ဝင်ရောက်မှု နည်းနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

ဦးဇော်ဇော်က “နီးနီးနားနား ထိုင်းဆိုရင် ဒါပြည်ပ ခရီးသွား ဝင်ရောက်မှုနဲ့ပဲ ရပ်တည်တာ များပါတယ်။ အရင်တုန်း က ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်နိုင်ငံသားတွေကို ရွှေလီ-မူဆယ် ဝင်ပေါက်ကနေ border pass ကနေ ဝင်ခွင့်ပေးတယ်။ ဝင်ခွင့်ပေးပြီး သွားတဲ့အခါမှာ အဲဒီအချိန်မှာ ခရီးသွားလုပ်ငန်းက တအားကို ဆက်စပ်တာပေါ့ နော်။ တရုတ်နိုင်ငံသားတွေ လာလိုက်ရင် ကားအစင်းလိုက် ရာချီလာတယ်။ သူတို့အတွက် နေစရာတွေ၊ စား သောက် စရာတွေ စီစဉ်ပေးရတယ်။ ကားတွေ အဆင်ပြေတယ်၊ souvenir shop တွေ အဆင်ပြေတယ်။ တရုတ် နိုင်ငံသားတွေ ဒီမှာ ပိုက်ဆံလာသုံးတာ ဖြစ်တဲ့အတွက် ပြည်သူပြည်သားတွေလည်း သူ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ အားလုံးပေါ့ အကုန်လုံးက ဝင်ငွေရကြတယ်။ ဒါလေးက သာဓကတစ်ခုပါပဲ”ဟု CNI သတင်းဌာနသို့ ပြောသည်။

ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြည်ပခရီးသွားများ ဝင်ရောက်လာရန် နည်းလမ်းမျိုးစုံဖြင့် ဆွဲဆောင်နိုင်ရန် လိုအပ်ပြီး ဝန်ကြီးဌာန အနေဖြင့်လည်း အသင်းအဖွဲ့များ၊ သက်ဆိုင်ရာနယ်ပယ်မှ ကျွမ်းကျင်သူများ၏ အကြံပြုမှု များအား နားထောင်ရန် လိုအပ်ကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက ပြောသည်။

ခရီးသွားလုပ်ငန်းရှင် ဦးသက်လွင်တိုးက “ဘယ်သူက research လုပ်သလဲ။ အဲဒါမျိုးတွေလုပ်မှ အဖြေမှန်သိမှ barrier field tourism ဟာ ဘာ barrier တွေဖြစ်သလဲ။ နံပါတ်တစ်က visa ကလည်း barrier ဖြစ်တယ်။ visa on arrival တောင် ပြန်မပေးတော့ဘူး။ သံရုံးတွေနဲ့ အွန်လိုင်းကပဲ ပေးတော့တယ်။ နံပါတ်နှစ် insurance တွေ ကျနော်တို့ မြန်မာနိုင်ငံမှာက အခုထိ နောက်ပြန်ဆွဲတုန်း။ ဒေါ်လာ ၅၀ က စပေးရတယ်။ ၇၀၊ ၈၀ အထိလည်း ပေး ရတယ် အသက်အရွယ်ကြီးရင် ကြီးသလို။ ဒါတွေကို ဘာမှ ဆေးကုသမှု cover တွေ တိတိကျကျ မပြောဘဲနဲ့ မဖြစ် မနေ ဒေါ်လာ ၅၀ ယူရမယ်၊ ပေးမှပဲ visa လျှောက်ခွင့်ရမယ်။ အဲဒါကလည်း နှစ်ပတ်လား သုံးပတ်လား ပြီးသွားရင် အကျုံးမဝင်တော့ဘူး။ ဒါတွေဟာ ဘာတွေလဲဆိုတော့ ငမ်းငမ်းတက် ဒေါ်လာကို ယူတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် ကြောင့် တချို့ Tourist တွေက လုံးဝ မကြိုက်တော့ဘူး” ဟု CNI သတင်းဌာနသို့ ပြောသည်။

ပြည်ပခရီးသွားများကို ပုဂံဒေသမှာ တွေ့ရစဉ်

သို့သော် နိုင်ငံတစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်ကောင်မွန်ရေးတွင် ၎င်းနိုင်ငံ၏ ပုံရိပ်မှာ ကောင်း၊ မကောင်း ဆိုသည့်အပေါ်တွင် အဓိကကျကြောင်း ခရီးသွားလုပ်ငန်းရှင်များနှင့် ဟိုတယ်လုပ်ငန်းရှင်များက သုံးသပ် သည်။

ထို့အပြင် ဒေသတွင်း တည်ငြိမ်မှုမရှိခြင်း၊ လမ်းခရီး စစ်ဆေးရေးဂိတ်များ ပေါများခြင်း၊ လမ်းပန်း ဆက်သွယ်ရေး ကြန့်ကြာခြင်း အစရှိသည်တို့မှာလည်း ခရီးသွား ဧည့်သည်များအတွက် အတားအဆီးများ ဖြစ်နေကြောင်းနှင့် လမ်းပန်း ဆက်သွယ်ရေး အခြေအနေကြောင့် လမ်းကြောင်းပြောင်းလဲ၍ သွားရသည့် အခါတွင်လည်း ကုန်ကျ စရိတ်မှာ ပိုများသွားကြောင်း ၎င်းတို့က သုံးသပ်သည်။

သက်ဆိုင်ရာ ဌာနဆိုင်ရာများ အနေဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးအတွက် နှုတ်ဖြင့် ပူးပေါင်းဆောင်ရွက်၍ မရ ကြောင်း၊ လက်တွေ့ မြေပြင် အခြေအနေအား သေချာကွင်းဆင်းလေ့လာပြီး မည်ကဲ့သို့ လုပ်ဆောင် သင့်သည်ကို အဖြေရှာသင့်ကြောင်း ၎င်းတို့က အကြံပြုသည်။