CNI News

၂၀၂၃ ခုနှစ်၊ ဧပြီ ၆

ကိုဗစ်ကာလအလွန် ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပသည့် သင်္ကြန်ကာလ၌ ပြည်ပခရီးသွားဝင်ရောက်မှု မရှိ သလောက် ဖြစ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ကာလတွင် ပြည်ပခရီးသွားဝင်ရောက်မှုများ ပြန်ရှိလာမည် ဖြစ် ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ CNI သတင်းဌာနသို့ ပြောသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ကာလတွင် Tourist Visa ဖြင့် လာရောက်လည်ပတ်သည့် ပြည်ပခရီးသွားမှာ မရှိသလောက်ဖြစ်ခဲ့ပြီး စီးပွားရေးအရ Business Visa ဖြင့် လာရောက်ကြသူများသာရှိခဲ့ကြောင်း သိရသည်။

သို့သော် ယခုနှစ်သင်္ကြန်ကာလတွင် Tourist Visa ဖြင့် ပြည်ပခရီးသွားများ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “မနှစ်ကထက်စာရင်တော့ ရှိနေဦးမှာပါ။ အထူးသဖြင့် တရုတ်နိုင်ငံသားခရီးသွားတွေ လေကြောင်းလိုင်း ဖွင့်လိုက် တဲ့အတွက် တရုတ်နိုင်ငံသားခရီးသွားတချို့က ဝင်ရောက်မှု တောက်လျှောက်ရှိနေတယ်။ တစ်နေ့ကို Flight တစ်ကြောင်းပေါ်မှာ အနည်းဆုံး လူ ၁၀၀၊ ၂၀၀ လောက် ပါလာတာမျိုးတွေ ရှိနေတဲ့အတွက် ဒီခရီးသွား ဝင်ရောက် မှုကတော့ ရှိနေဦးမှာပါပဲ။ အဓိကကတော့ ဒီထိုင်းနိုင်ငံကနေ လာဖို့ရှိပါတယ် အချို့လေ။ သူတို့က မြန်မာနဲ့က ယဉ်ကျေးမှုလည်း တူတယ်။ သူတို့ဆီမှာလည်း သင်္ကြန်ပွဲရှိတယ်ပေါ့လေ ဒီမှာလည်းရှိတော့ အဲဒီလိုမျိုး လာချင်တဲ့ သူတွေရှိပါတယ်။ ဒီနှစ်က ထိုင်းနိုင်ငံကို ဝင်လာတဲ့ တချို့ခရီးသည်ရှိပါတယ်။ အနောက်နိုင်ငံသား တချို့ရှိတယ်။ များသောအားဖြင့် လူငယ်ခရီးသွားတွေ များပါတယ်။ အသက် ၂၀-၂၅ ဝန်းကျင်တွေပေါ့နော်။ အဲဒီခရီးသွားတွေက သူတို့ ဒေသန္တရ ဗဟုသုတ ရှာဖွေချင်တဲ့သူတွေက များပါတယ်။ ဒါကြောင့်မို့လို့ မြန်မာနိုင်ငံကို ကျောပိုးအိတ် တစ်လုံး ဆွဲပြီးတော့ လာကြတဲ့လူတွေ ရှိပါတယ်။ ဒါဆိုရင် အပန်းဖြေခရီးလို့ ကျနော်တို့ ပြောလို့ရ ပါတယ်။ နောက်တစ်ခါ ရုရှားနိုင်ငံကအပြင် အခြားသောနိုင်ငံတချို့ ကနေပြီးတော့ ဒီခရီးသည်တချို့တွေ ဝင် ရောက်မှု ရှိနေပါတယ်။ Tourist နဲ့ပဲ ဝင်လာတာပဲပေါ့”ဟု ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်တွင်းက ပြည်ပခရီးသွားများကိုတွေ့ရစဉ်

ယခုနှစ် သင်္ကြန်ကာလတွင် ပြည်ပခရီးသွားဝင်ရောက်မှု ပြန်ရှိလာမည် ဖြစ်သော်လည်း ပမာဏအားဖြင့် အနည်း ငယ်သာ ရှိနိုင်ကြောင်း၊ ပြည်ပမှ လာရောက်သည့် ခရီးသွားများအနေဖြင့် သင်္ကြန်ကာလတွင် ရန်ကုန်၊ မန္တလေးသို့ သွားရောက်လည်ပတ်ခြင်းမျိုး ရှိနိုင်ကြောင်း၊ ရန်ကုန်မြို့တွင် နေထိုင်သည့် ပြည်ပခရီးသွားများ အနေဖြင့် သင်္ကြန် ကာလတွင် ကမ်းခြေဒေသများသို့ သွားရောက် လည်ပတ်နိုင်ဖွယ်ရှိကြောင်း သိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်သို့ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် သင်္ကြန်ပိတ်ရက်တွင် ပြည်တွင်းရှိ NGO အဖွဲ့အစည်းများ၊ သံရုံးမှ လူပုဂ္ဂိုလ်များ၊ အလုပ်ကိစ္စဖြင့် ဝင်ရောက်လာသည့် ပြည်ပခရီးသွား ၂၆၀ ဦးခန့် လာရောက်ခဲ့သော်လည်း ယခုနှစ် တွင် ထိုပမာဏထက် များပြားမည်ဟု ခန့်မှန်းထားကြောင်း ရခိုင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီး ဌာနမှ ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “များနိုင်ပါတယ်။ အရေအတွက်တော့ မမှန်းနိုင်ဘူးပေါ့နော်။ ဘာလို့ဆို လေကြောင်းတွေ ဘာတွေ အခြေ အနေတွေက ရှိသေးတာကို။ အနည်းဆုံးတော့ ဘယ်သူမှ မရှိဘူးဆိုရင်တောင် သံရုံးတို့ ဘာတို့က ဧည့်သည်တွေက တော့ အများကြီး လာကြမှာပေါ့။ လက်ရှိမှာ ရခိုင်ပြည်နယ် တစ်ခုလုံးမှာ ဟိုတယ် တည်းခိုရိပ်သာ ၁၀၂ လုံးရှိ တယ်။ အဲဒီမှာ ၉၁ လုံး ဖွင့်ထားတယ်။ သံတွဲမြို့နယ်မှာ ၆၅ လုံးရှိတဲ့အထဲမှာ ၅၇ လုံး ဖွင့်ထားတယ်။ အခု ဖွင့်ထား တဲ့ ဟိုတယ်တွေ အကုန်လုံးက သံတွဲပေါ့နော် ငပလီကိုပဲ ပြောမယ်ဆိုရင် ၈၉ ရာခိုင်နှုန်းလောက် ဘိုကင်ရထားပြီး ပြီ။ ကျန်တာကတော့ ဟိုတယ် အငယ်တွေကတော့ မပြည့်သေးဘူးပေါ့။ ဒါလည်း ပြည့်သွားမှာပါ အခုကြားထဲမှာ ဘာမှမှ မကျန်တော့တာ။ ဒီနှစ်လည်း မနှစ်ကလိုပဲ တော်တော်လေး စည်စည်ကားကား ဖြစ်မယ်လို့ မျှော်လင့်ပါ တယ်” ဟု ပြောသည်။

ပြီးခဲ့သည့် သင်္ကြန်တွင်းက ပြည်ပခရီးသွားများကိုတွေ့ရစဉ်

သင်္ကြန်ကာလတွင် လေကြောင်းလိုင်းများ၊ ခရီးစဉ်နှင့် ဟိုတယ်ခများမှာ ပုံမှန်နှုန်းထားထက် ပိုမိုများပြား သွား သဖြင့် ထိုအချက်သည်လည်း သင်္ကြန်ပိတ်ရက်၌ ပြည်ပခရီးသွား ဝင်ရောက်မှု မများရခြင်း၏ အကြောင်းတရား တစ်ခု ဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်းရှင်များ အနေဖြင့် ပြည်ပခရီးသွားများအတွက် သင်္ကြန်ခရီးစဉ်အဖြစ် သီးခြားခွဲကာ ရောင်းချခြင်းမျိုး၊ လေယာဉ်လက်မှတ်များအား ကြိုတင်ဘိုကင်ယူခြင်းမျိုး လုပ်ဆောင်နိုင်ပါက လာမည့် နှစ်များ တွင် သင်္ကြန်ပိတ်ရက် ကာလများတွင် ပြည်ပခရီးသွား ဝင်ရောက်မှု များလာနိုင်ဖွယ်ရှိကြောင်း ၎င်းက အကြံပြု သည်။