CNI International News

ကိယက်ဗ်၊ မတ်လ ၂၆

ယူကရိန်းတွင် တိုက်ပွဲများကြီးကြပ်နေသည့် ရုရှားတပ်ဖွဲ့မှူးတစ်ဦးသည် ၎င်းတို့အချင်းချင်း မကျေမနပ်ဖြစ်စဉ်တစ်ခုကြောင့် မတ်လ ၂၆ ရက်တွင် တင့်ကားပေါ်မှ ပြုတ်ချသေဆုံးသွားခဲ့ကြောင်း အနောက်အုပ်စု အစိုးရများ၏ ပြောကြားချက်ကို ကိုးကား လျက် ဗြိတိန်မီဒီယာ ဒေးလီးမေးလ်က ရေးသားဖော်ပြခဲ့သည်။

ရုရှားဗိုလ်မှူးကြီး ယူရီမက်ဗီဒက်ဗ် သေဆုံးမှုသည် ၎င်း၏ အမှတ် ၃၇ မော်တော်ရိုင်ဖယ် တပ်မဟာအတွက် ကြီးကြီးမားမား ဆုံးရှုံးမှုဖြစ်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခံရခြင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း အနောက်အုပ်စု အစိုးရအရာရှိများက ယုံကြည်ထားကြသည်။

အလားတူ အမှတ် ၄၉ လက်နက်ပေါင်းစုံ စုစည်းတပ်မှ ကွပ်ကွဲရေးမှူး တာဝန်ယူထားသူ ရုရှား ဒုတိယဗိုလ်ချုပ်ကြီး တစ်ဦး လည်း တိုက်ပွဲတွင် ကျဆုံးခဲ့ရာ ယခုစစ်ပွဲအတွင်း ရုရှားအဆင့်မြင့် တပ်အရာရှိများ ၇ ယောက်မြောက် သေဆုံးမှုဟု သိရသည်။

ဗလာဒီမာပူတင် စုစည်းထားသည့် တပ်ရင်းပေါင်း ၁၂၀ အနက် တပ်ရင်း ၂၀ သည် ယူကရိန်း၏ တင်းမာစွာ ခုခံနေမှုများ ကြောင့် စစ်ရေးလှုပ်ရှားမှုများ ရှေ့မတိုးနိုင်ကြောင်း မကြာသေးမီက သတင်းထွက်ပေါ်ခဲ့ပြီးနောက် ယခုကဲ့သို့ ဗိုလ်မှူးကြီး မက်ဗီဒက်ဗ်သေဆုံးမှု ကြားသိရခြင်း ဖြစ်သည်။

ရုရှား၏တပ်စုစည်းမှု အားနည်းချက်သည် လက်ရှိကာလအတွက် မှတ်သားစရာကောင်းကြောင်း အနောက်အုပ်စုအစိုးရ အရာရှိတစ်ဦးက ကောက်ချက်ချခဲ့ပြီး ရုရှား၏ စစ်ရေးအောင်မြင်သည်ဟု ထုတ်ဖော်ပြောဆိုချက်များကို ၎င်းက ရှုတ်ချခဲ့ သည်။

ရုရှားတပ်ဖွဲ့ကိုတွေ့ရစဉ်(GETTY IMAGES)

စစ်မျက်နှာ အချို့နေရာများတွင် ရုရှားဘက်မှ ဆုံးရှုံးမှု အလွန်များပြားကြောင်း၊ အစောပိုင်းက ရုရှားနည်းဗျူဟာတပ်ဖွဲ့များ တွင် တပ်ရင်း ၁၁၅ ရင်းမှ ၁၂၀ အထိ ရှိခဲ့သော်လည်း ယခုအခါ မော်တော်ယာဉ်ပြုပြင်ရေးလိုအပ်ချက် (သို့မဟုတ်) ဆုံရှုံးမှု ပမာဏ ကြီးမားခြင်းတို့ကြောင့် တပ်ရင်း ၂၀ ခန့်သာ မဆုတ်ခွာဘဲ ရှိနေကြောင်း အနောက်နိုင်ငံများမှ အစိုးရအရာရှိများက ပြောကြားခဲ့ကြသည်။

ဗိုလ်မှူးကြီးသေဆုံးမှု၌ တင့်ကားမှာ အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်သွားပုံရကြောင်း၊ ၎င်းကို ၎င်း၏တပ်သားများက တမင် တကာ သတ်ဖြတ်သည်ဟု မိမိတို့ ယုံကြည်ကြောင်း အဆိုပါအရာရှိများက ဆက်လက် ပြောကြားခဲ့ကြသည်။

ဗိုလ်မှူးကြီး မက်ဗီဒက်ဗ်သည် ခြေထောက်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိပြီး ဆေးရုံသို့ အရေးပေါ် ပို့ဆောင်နေရသည့် ဗွီဒီယို မှတ်တမ်းဖိုင်များ ထွက်ပေါ်လာ၍ အနောက်အုပ်စုက အထက်ပါ သဘောထား မှတ်ချက်များကို ပြောကြားခဲ့ကြခြင်း ဖြစ် သည်။

ထို့ပြင် ရုရှား၏စစ်ရေး ရှေ့တိုးလာမှု၌ ဓာတုလက်နက်များ အသုံးပြုလာမည်ကိုလည်း စိုးရိမ်နေကြသည်။

တပ်ဖွဲ့ဝင်အင်အား ၁၅၀၀ ရှိသည့် ဗိုလ်မှူးကြီး မက်ဗီဒက်ဗ်၏ တင့်ကားတပ်ရင်းတွင် သေဆုံး/ဒဏ်ရာရရှိခြင်းများကြောင့် အင်အားထက်ဝက်ခန့် လျော့ပါးသွားခဲ့ကြောင်း ယူကရိန်းသတင်းထောက် ရိုမန်ဆိုင်ဘလိတ် (Roman Tsymbaliuk) ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားဖော်ပြချက်ကို ကိုးကားလျက် ဒေးလီးမေးလ်က သတင်းဆက်လက်ဖော်ပြခဲ့သည်။

Source: Daily Mail