CNI International News

ကိယက်ဗ်၊ မတ်လ ၂၆

ယခင်သီတင်းပတ်က စစ်ဘေးဒဏ်မှ အကာအကွယ်အဖြစ် လူအများ ခိုလှုံနေရသော မာရီယူပေါလ်မြို့ရှိ ပြဇာတ်ရုံတွင် ရုရှားလေကြောင်း တိုက်ခိုက်မှုကြောင့် လူ ၃၀၀ ခန့် သေဆုံးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုသည် အရပ်သား အသေအပျောက် အများဆုံး တိုက်ခိုက်ခံရမှုဖြစ်ကြောင်း ယူကရိန်းအာဏာပိုင်များက မတ်လ ၂၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ပြဇာတ်ရုံထဲတွင် သေကြေပျက်စီးမှုရှိခဲ့၍ မော်စကိုအနေဖြင့် အရပ်သားများကို တမင်တကာဖြစ်စေ၊ ခွဲခြား၍ဖြစ်စေ သတ်ဖြတ်မှု မြောက်ခြင်းကြောင့် စစ်ရာဇဝတ်မှု ကျူးလွန်ရာရောက်သည်ဟု စွပ်စွဲချက်များလည်း ထွက်ပေါ်လာခဲ့သည်။

တစ်ချိန်တည်းတွင် မော်စကို၏ စစ်ပွဲရည်မှန်းချက်များ ကျဉ်းမြောင်းသွားခြင်းကို သိသာစေသည့် အချက်အနေဖြင့် ရုရှား တပ်ဖွဲ့များ မြို့တော်ကိယက်ဗ်သို့ ဦးတည်သိမ်းပိုက်မည့် အစီအစဉ်၌ မြေပြင်ထိုးစစ် ရပ်တန့်ထားပုံရကြောင်း၊ ဒွန်ဘတ်စ် ဒေသကို ထိန်းချုပ်ရန် ပြောင်းလဲ အာရုံစိုက်လာကြောင်း အမေရိကန်စစ်ဘက်က ပြောသည်။

ယခု ရက်ပိုင်းများအတွင်း မော်စကိုသည် ယူကရိန်း အရှေ့တောင်ဘက်ရှိ ဒွန်ဘတ်စ်ကို ဗျူဟာအပြောင်းအရွှေ့ လုပ်ရမည်ဟု ယူဆရကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးက စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းရန် ရုရှားကို ထပ်မံတောင်းဆိုခဲ့သော်လည်း ငြိမ်းချမ်းရေးနှင့် ၎င်း၏ နယ်မြေပိုင်ဆိုင်မှုကို လဲလှယ်မည်မဟုတ်ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့သည်။

ယူကရိန်းအမျိုးသားတစ်ဦး တိုက်ခိုက်မှုကြားက အသက်လုပြေးနေစဉ်(AP)

“ယူကရိန်းရဲ့ ပိုင်နက်နယ်မြေ အခိုင်အမာ တည်ရှိမှုကို အာမခံသင့်တယ်။ အဲဒါအတွက် အခြေအနေတွေက တရားမျှတဖို့ လို တယ်။ ယူကရိန်းပြည်သူတွေက သူတို့(ရုရှား)တွေကို တခြားနည်းလမ်းနဲ့ ခေါင်းညိတ်မှာတော့ မဟုတ်ဘူး” ဟု ညစဉ်ထုတ်ပြန် လေ့ရှိသည့် ဗွီဒီယိုမိန့်ခွန်းတွင် ဇာလန်းစကီးက ပြောကြားခဲ့သည်။

မတ်လ ၁၆ ရက်ကတည်းက လေကြောင်း တိုက်ခိုက်ခံခဲ့ရသော မာရီယူပေါလ် ပြဇာတ်ရုံအတွင်း အခင်းဖြစ်ပွားစဉ် လူပေါင်း ရာနှင့်ချီ၍ ရှိနေခဲ့သည်ဟု ယူကရိန်းအာဏာပိုင်များက ပြောကြားခဲ့သော်လည်း အသေအပျောက်စာရင်း ထုတ်ပြန်ရေးမှာ ကြန့်ကြာနေခဲ့သည်။

သေဆုံးသူ အရေအတွက်ကို ၎င်းတို့၏ တယ်လီဂရမ်ချန်နယ်မှ မတ်လ ၂၅ ရက်ကျမှ ထုတ်ပြန်ခဲ့ရာတွင် မျက်မြင်သက်သေ များကို မာရီယူပေါလ် တာဝန်ရှိသူများက ကိုးကားဖော်ပြခဲ့သည်။ သို့သော် ပြဇာတ်ရုံအတွင်း အပျက်အစီးများကြားထဲ မျက်မြင်သက်သေများ ဘယ်လိုရောက်လာကြလဲ (သို့မဟုတ်) အရေးပေါ် ဝန်ထမ်းတွေက အပျက်အစီးများ တူးဖော်၍ အလောင်းများအကုန် ထုတ်ယူပြီးပြီလားဆိုသည့် ခိုင်လုံသော အချက်အလက်များ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

“ပြဇာတ်ရုံကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် အရပ်သားများကို ဦးတည်ချေမှုန်းခြင်းဖြစ်၍ ထိတ်လန့်တုန်လှုပ်မိကြောင်း” အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်၏ အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဂျက်ဆူလီဗန်က မှတ်ချက်ချခဲ့သည်။

Source: AP