CNI International News

တိုင်ပေ၊ မတ်လ ၁၈ 

ထိုင်ဝမ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့် ကင်မန်ကျွန်းစု (Kinmen Island) အနီးရှိ ရေပြင်များအတွင်းသို့ ဝင်ရောက်လာသည့် တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့်သင်္ဘော ၄ စင်းကို မောင်းထုတ်နိုင်ခဲ့ကြောင်း ထိုင်ဝမ်ကမ်းခြေစောင့် အုပ်ချုပ်ရေးအဖွဲ့ (CGA) က ပြောကြားခဲ့ကြောင်း MSN မှ ဖော်ပြခဲ့သည်။

ထိုဖြစ်စဉ်သည် ထိုင်ဝမ်၏ ရေပြင်များတွင် ၂၄ နာရီအတွင်း ဒုတိယမြောက် တရုတ်သင်္ဘောများ ဝင်ရောက်မှု ဖြစ်သည်။

CGA ၏ ထုတ်ပြန်တွင် ထိုင်ဝမ်ကမ်းခြေစောင့်တပ်ဖွဲ့၏ ကင်းလှည့် သင်္ဘောများသည် တရုတ်သင်္ဘောများကို စတင် တွေ့ရှိခဲ့သည့် မတ်လ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၅၄ မိနစ် အချိန်ကတည်းက ထိုတရုတ်သင်္ဘောများ နောက်သို့ လိုက်ပါမောင်းနှင်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကင်မန်ကျွန်းစု၏ ကန့်သတ် ရေပြင်နယ်နိမိတ်အတွင်းမှ တရုတ်သင်္ဘောများ ထွက်ခွာသွားသည့် နံနက် ၁၀ နာရီ ၆ မိနစ်အထိ သတိပေးချက်များ ထုတ်ပြန်ခဲ့သည်ဟု ဆိုသည်။

ထိုင်ဝမ်ကင်းလှည့်သင်္ဘောကို တွေ့ရစဉ်

မတ်လ ၁၅ ရက်ကလည်း အလားတူ ဖြစ်စဉ်မျိုး ဖြစ်ပွားခဲ့ပြီး တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့ သင်္ဘော ၄ စင်းကို ကင်မန်ကျွန်းစု၏ တောင်ဘက် ရေမိုင် ၃ မိုင်ခန့်အကွာတွင် ထောက်လှမ်းတွေ့ရှိခဲ့၍ ထိုင်ဝမ်ကမ်းခြေစောင့် တပ်ဖွဲ့က မောင်းထုတ်ခဲ့ရသည်ဟု CNA Taiwan မှ ဖော်ပြခဲ့သည်။

ထိုတရုတ်ကမ်းခြေစောင့်တပ်ဖွဲ့၏ သင်္ဘောမျာများသည် ကင်မန်ကျွန်း၏ ရေပြင်များအနီးတွင် တရားဝင် ကင်းလှည့်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်ကမ်းခြေစောင့်တပ်ဖွဲ့က မတ်လ ၁၅ ရက်၌ ထုတ်ပြန်ခဲ့သည်။

Focus Taiwan သတင်းဝက်ဘ်ဆိုက်၏ ဖော်ပြချက်အရ တားမြစ်ကန့်သတ် ရေပြင်နယ်နိမိတ်ကို ထိုင်ဝမ် အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာနက ၁၉၉၂ ခုနှစ်တွင် သတ်မှတ်ရေးဆွဲခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

CGA ၏ ဖော်ပြချက်အရ "တားမြစ် ရေပြင်" များသည် ရေပိုင်နက်ကို ကိုယ်စားပြုသည့် စကားလုံးဖြစ်ပြီး "ကန့်သတ် ရေပြင်"များသည် ရေပြင်နယ်နိမိတ်နှင့် ထိစပ်နေသည့် ဇုန်ကို ကိုယ်စားပြုခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် တားမြစ်ကန့်သတ်ဇုန်သည် ကင်မန်ကျွန်းစု၏ အဓိကကျွန်းများနှင့် Little Kinmen ကျွန်း အရှေ့ဘက် ၄ ကီလိုမီတာ၊ တောင်ဘက် ၈ ကီလိုမီတာ၊ မြောက်နှင့် အရှေ့မြောက်ဘက်တွင် တရုတ်ကမ်းရိုးတန်းနှင့် အကွာ အဝေး စုစုပေါင်း၏ ထက်ဝက်ခန့်အထိရှိသည်။

Source: MSN