CNI International News

ရီယိုဒီ ဂျနေးရိုး၊ မတ်လ ၁၈ 

ဘရာဇီးလ်သမ္မတဟောင်း ဂျိုင်ယာ ဘော်လ်ဆိုနာရို (Jair Bolsonaro)သည် ၂၀၂၂ ခုနှစ် ရွေးကောက်ပွဲ ရှုံးနိမ်မှု ရလဒ်ကို ပြောင်းပြန်လှန်ပစ်ပြီး အာဏာသိမ်းရန် ကြံစည်မှုတစ်ခုတွင် စစ်ဘက်အကြီးအကဲများနှင့် ပူးပေါင်း ကြိုးပမ်းခဲ့ကြောင်း ထုတ်ဖော်ခဲ့သည့် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ထွက်ပေါ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် သူ့အနေဖြင့် အမှုရင်ဆိုင်ရမည်ကို မကြောက်ရွံ့ကြောင်း မတ်လ ၁၆ ရက်က ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

လက်ယာယိမ်းဝါဒီ ဘော်လ်ဆိုနာရိုသည် ရွေးကောက်ပွဲအနိုင်ရသည့် လက်ဝဲယိမ်းသမ္မတ လူးဝစ် အင်နာစီယို လူလာ ဒါဆေးလ်ဗား (Luiz Inacio Lula da Silva)အား အာဏာပြန်လည် ရယူမှုမှ ဟန့်တားရန် ဖြစ်နိုင်ခြေ ရှိသည့် အာဏာသိမ်းမှုတစ်ခုကို ဆွေးနွေးရန် ၎င်းတို့နှစ်ဦးအား ဆင့်ခေါ်ခဲ့သည်ဟု စစ်တပ်၏ တပ်မှူးနှစ်ဦးက စွပ်စွဲခဲ့သည်။

 ဘော်ဆ်ဆိုနာရို မဲဆွယ်ပေးနေစဉ်

ဘော်လ်ဆိုနာရိုသည် ထိုစွပ်စွဲချက်များနှင့်ပတ်သက်ပြီး တိုက်ရိုက် ရည်ညွှန်း ပြောဆိုခဲ့ခြင်း မရှိသော်လည်း သူ့အနေဖြင့် တရားရင်ဆိုင်ရမည့် အခြေအနေအတွက် ကြောက်လန့်နေခြင်း မရှိကြောင်း ပြောကြားခဲ့သည်။

"တရားသူကြီးတွေ သမာသမတ် ကျနေသရွေ့ ဘယ်လို တရားစီရင်မှုမျိုးကိုမဆို မကြောက်ပါဘူး" ဟု ဘော်လ်ဆိုနာရိုက ပြောသည်။

အောက်တိုဘာလတွင် ပြုလုပ်မည့် ဒေသန္တရရွေးကောက်ပွဲ၌ မြို့တော်ဝန်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် ၎င်းက ထောက်ခံပေးထားသည့် ကိုယ်စားလှယ်တစ်ဦး၏ မဲဆွယ်စည်းရုံးပွဲမှာ ဘော်လ်ဆိုနာရိုက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရီယိုဒီဂျနေရိုး (Rio de Janeiro) မြို့ ရီယိုဆမ်ဘာ အကသင်တန်းကျောင်းတွင် ပြုလုပ်သည့် မဲဆွယ်စည်းရုံးပွဲ၌ ဘော်လ်ဆိုနာရိုက သူသည် လက်ရှိသမ္မတ လူလာအစိုးရအဖွဲ့၏ နိုင်ငံရေးအရ ဖိနှိပ်မှုကို ခံနေရခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

 ဘော်ဆ်ဆိုနာရိုရဲ့ မဲဆွယ်ပွဲကို လာရောက်ကြသူများကိုတွေ့ရစဉ်

ထို့ပြင် ဘော်လ်ဆိုနာရိုက သူသည် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ပြီးနောက် အာဏာသိမ်းရန် စီစဉ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။ 

ရွေးကောက်ပွဲအပြီးတွင် ဘော်လ်ဆိုနာရိုသည် လူလာအား သမ္မတစလွယ် လွှဲပြောင်းပေးမှုကို ရှောင်လွှဲရန်အတွက် ဖလော်ရီဒါသို့ သွားရောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာ ၎င်းကို ထောက်ခံသူများက အာဏာသိမ်းရန် အားထုတ် ကြိုးပမ်းမှု တစ်ခုအဖြစ် အစိုးရရုံးများကို ဝင်ရောက်စီးနင်းခဲ့သည်။ 

ပြီးခဲ့သည့်နှစ်က ဘော်လ်ဆိုနာရိုသည် သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ချိန်က အာဏာအလွဲသုံးစားမှုဖြင့် ရွေးကောက်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ၈ နှစ်ကြာ တားမြစ်ပိတ်ပင်ခံခဲ့ရသည်။

ထို့နောက် သူသည် နိုင်ငံ၏ ရွေးကောက်ပွဲစနစ်ကို မကြာခဏ ဝေဖန်ခဲ့ပြီး လက်ရှိတွင် ဖမ်းဆီးခံရမည့် အခြေအနေ နှင့် ရင်ဆိုင်နေရသည်။ 

"နိုင်ငံရေးလောကထဲမှာ ကျနော်ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်" ဟု ဘော်လ်ဆိုနာရိုက ပြောကြားခဲ့သည်။ 

ဘော်လ်ဆိုနာရိုက ထောက်ခံပေးထားသည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ရာမာဂျန် (Ramagen)သည် ရီယိုမြို့တော်ဝန် နေရာအတွက် လက်ရှိမြို့တော်ဝန် အီဒူရာဒို ပါယက်စ် (Edurado Paes) နှင့် ယှဉ်ပြိုင်ရမည် ဖြစ်သည်။

Source: ရိုက်တာ